DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာအလုပ်သမားအရေး အိုင်အယ်အိုကို တင်ပြမည်
DVB
·
February 9, 2012
လှိုင်သာယာအလုပ်သမားအရေး အိုင်အယ်အိုကို တင်ပြမည်
Donate to DVB

ရန်ကုန်၊ လှိုင်သာယာစက်မှုဇုန်ထဲက တိုင်ရီ ဖိနပ်စက်ရုံမှာ ၄ ရက် ဆက်တိုက် ဆန္ဒပြနေတဲ့ အလုပ်သမားတွေက သူတို့ရဲ့ နစ်နာမှုတွေကို ဥပဒေကြောင်းကနေ တောင်းဆိုသွားဖို့ စီစဉ်နေပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)၊ အစိုးရ တာဝန်ရှိသူတွေကို တင်ပြသွားမယ်လို့ ဆန္ဒပြ အလုပ်သမားတွေကို ကူညီပေးနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက ပြောပါတယ်။

“နှစ်ဦးနှစ်ဖက် မနစ်နာအောင် ကျမတို့က ကြားထဲကနေ ဆောင်ရွက်ပေးတာပါ။ ကျမတို့က နှစ်ဦးနှစ်ဖက် နစ်နာတာမျိုး မဖြစ်စေချင်ဘူး။ အလုပ်ရှင်က အလုပ်သမားတွေ တောင်းဆိုတာကို လက်မခံဘူး၊ အလုပ်ရှင်က ဒီအတိုင်းပဲ တောင့်ခံထားမယ်ဆိုရင်  အလုပ် ပိတ်လိုက်ရလို့ရှိရင် အလုပ်ရှင်လည်း ထိခိုက်မယ်၊ အလုပ်သမားတွေလည်း ထိခိုက်မယ်။ အလုပ်သမားတွေက မိန်းကလေးတွေ ဖြစ်တဲ့အတွက် ဒီအလုပ်တွေ မရှိလို့ရှိရင် မိန်းကလေးတွေရဲ့ ဘဝလုံခြုံရေးက နိုင်ငံတော်အစိုးရမှာလည်း တာဝန်ရှိသလို ဒီစက်ရုံမှာလည်း တာဝန်ရှိတယ်လို့ ကျမတို့က ဆိုလိုထားတယ်လေ။

“အဲဒါကြောင့်မို့ ကျမတို့က ဒီအမျိုးသမီးတွေရဲ့  ဘဝလုံခြုံရေးပါ တွက်ပြီး ဥပဒေပညာရှင်ကို ခေါ်ပြီးတော့  အလုပ်သမားတွေဘက်က ဆွေးနွေးပေးဖို့ ဆုံးဖြတ်ချက် ချထားတာ။ မနက်ဖြန်ကနေ စပြီးတော့ တောင်းဆိုမှာ။ ကျမတို့ စာတွေလည်း တင်မယ်၊ လှိုင်သာယာ အလုပ်သမားရုံးတွေရော၊ နေပြည်တော် အလုပ်သမားဝန်ကြီးတွေအထိ စာတင်မယ်။ အိုင်အယ်လ်အိုကိုလည်း ကျမတို့ မိတ္တူပို့မယ်။”

အလုပ်သမားတွေ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ တနာရီလုပ်ခကို ၂၅၀ ကျပ် ပေးဖို့၊ ၁ လလုံး ပျက်ရက်မရှိရင် ပေးတဲ့ ရက်မှန်ကြေး ၆,၀၀၀ ကျပ်ကို နှစ်ဆတိုးပေးဖို့၊ အလုပ်စည်းကမ်းတွေ တင်းကျပ်လွန်းတာတွေကို လျှော့ပေးဖို့ အချက်တွေ ပါဝင်ပါတယ်။

အခုအချိန်ထိ အလုပ်ရှင်ဘက်က တနာရီလုပ်ခကို နဂိုက ၇၅ ကျပ် ပေးနေတာကို ၁၀ ထပ်တိုးပေးနိုင်မယ်၊ ရက်မှန်ကြေး တလ ၆,၀၀၀ ကျပ်ပေး နေတာကိုလည်း နောက်ထပ် ၁၀၀၀ တိုးပေးမယ်လို့ လိုက်လျောမှုကို မလုံလောက်ဘူးလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတဦးက စက်ရုံက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေဟာ တင်းကျပ်လွန်းတယ်လို့ ပြောပါတယ်။

“စည်းကမ်းချတယ် ဆိုတာကလည်း မန်နေဂျာက ပြောတာပေါ့။ မြို့နယ် အလုပ်သမားရုံးရဲ့ ခွင့်ပြုချက်နဲ့ ချတာပါလို့ ပြောတာ။ အဲဒီလို အပေါ်ယံကြော ပြောရုံနဲ့မပြီးဘူး။ အမှန်တော့ ကော်သုတ်ရင်းနဲ့ ကော်တစက် ကျသွားတာ၊ ကော်တတုံးကျသွားရင် ဒဏ်ငွေ ၁ ထောင်ရိုက်တယ်။ အိမ်သာကို တနေ့ကို ၂ ကြိမ်တက်ရမယ်၊ ၃ ကြိမ်တက်ရမယ်။

တကြိမ်လောက်ပိုသွားရင် အဲဒီ့အတွက် ပိုက်ဆံဖြတ်တယ်။ တချို့ဆိုရင် ကိုယ်လည်း မတက်ဘဲ မသိဘဲ အဖြတ်ခံလိုက်ရတာ ရှိတယ်။ မနက် ၇ နာရီ ၂၀ ကနေ ၁၂ နာရီအထိ အလုပ်လုပ်ရတယ်။ ၁၂ နာရီ ၅၀ မှာ ပြန်ဆင်းတယ်။ ၅ နာရီဆိုရင် ဒါမနက်ပိုင်း အချိန် ပြီးသွားပြီ။ ၉ နာရီမှာ အချိန်ပို ခေါ်ရင် ၅ နာရီ ၂၅ ကနေ ၉ နာရီအထိ ဆင်းရတယ်။ ၉ နာရီ မခေါ်ဘူးဆိုရင် ၁၂ နာရီ ၅၀ ကနေ ည ၇ နာရီအထိ တောက်လျှောက် လုပ်ရတယ်။”

မနေ့က အလုပ်ရှင်ကိုယ်စားလှယ်က အလုပ်သမားတွေအနေနဲ့ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်မ၀င်ရင် အလုပ်ဖြုတ်မယ်လို့ နှုတ်နဲ့ သတိပေးထားပြီး ဒီနေ့မှာတော့ စာကပ်ထားတာကို အလုပ်သမားတွေက မကျေနပ်တဲ့အတွက် ဆွဲစုတ်ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဒီနေ့ အလုပ်သမားတွေက ၄ ရက်မြောက်အဖြစ် ဆက်လက် ဆန္ဒပြနေပေမယ့် အလုပ်ရှင်ဘက်က လာရောက် ဖြေရှင်းတာမရှိဘဲ အစိုးရ အာဏာပိုင်တွေလို့ ယူဆရသူတွေက ဆန္ဒပြအလုပ်သမားတွေကို ဓာတ်ပုံရိုက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

လှိုင်သာယာစက်မှုဇုန် ၃ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ အခုလို ၄ ရက်ဆက်တိုက်  ဆန္ဒပြနေတဲ့အချိန်မှာ ဇုန် ၄ ထဲက (နယူးဝေး - new way) ဖိနပ်စက်ရုံမှာလည်း အလုပ်သမားတွေ လုပ်အားခတိုးပေးဖို့  ဒီနေ့ကစပြီး ဆန္ဒပြနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013