
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ပင့်တင်ရွာအနီးမှာ ဇွန်လ ၃ ရက် ညနေက မူးယစ်ဆေးဝါး ကျပ်သိန်း တသောင်းကျော်ဖိုးကို ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။
ဇွန် ၃ ရက်ညနေ ၅ နာရီခွဲမှာ နဘားရဲကင်းစခန်း တာဝန်ရှိသူတွေဟာ အနောက်ဘက် ရေကျော်အနီးမှာ မန္တလေးကလာတဲ့ SURF အမျိုးအစားကားတစီးကို ရပ်တန့်စစ်ဆေးရာ မောင်းနှင်ထွက်ပြေးတဲ့အတွက် လိုက်လံဖမ်းဆီးရာ ကားမှာ အရှိန်မထိန်းနိုင်ပဲ မိုင်တိုင်အမှတ် ၁၃၉/၅ နဲ့ ၆ ကြား ယာဉ်တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်မောင်း စိုးမြင့်ထွန်းအောင်ကို ဖမ်းဆီးရမိခဲ့ပြီး နော်အောင်နဲ့ အားဝမ်ဆိုသူတို့ကတော့ ထွက်ပြေးသွားခဲ့ပါတယ်။
မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်တံခါးပိတ်တွေနဲ့ ဆီတိုင်ကီအတွင်းမှ LOVE IS FLOWER စာတန်းပါ ရောင်စုံဆပ်ပြာခွက်တွေအတွင်း ထည့်ထားတဲ့ ကာလတန်ဖိုးကျပ်သိန်း ၂၄၀,၉၀၀,၀၀၀ ရှိ ဘိန်းဖြူတွေ၊ ကာလတန်ဖိုး ကျပ်သိန်း ၉၇၅,၀၀၀,၀၀၀ ရှိ 88 နဲ့ 1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေ၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း တစ်သောင်းကျော်ဖိုးအား ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။
မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ စိုးမြင့်ထွန်းအောင်၊ နော်အောင် နဲ့ အားဝမ်တို့ကို အင်းတော်မြို့မရဲစခန်းမှ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။
ကိုကိုလင်း(အင်းတော်)











