DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားခရီးသွား သန်းချီလက်ခံနိုင်ရန် အဆင့်သင့်မဖြစ်သေးဟုဆို
DVB
·
February 9, 2012
နိုင်ငံခြားခရီးသွား သန်းချီလက်ခံနိုင်ရန် အဆင့်သင့်မဖြစ်သေးဟုဆို
Donate to DVB

မြန်မာပြည်ကို နိုင်ငံခြားခရီးသွားတွေ  ဒီနှစ်ထဲမှာ သန်းချီ ၀င်ရောက်လာနိုင်ခြေ ရှိပေမယ့် ဧည့်သည်တွေအတွက် အခြေခံလိုအပ်ချက်တွေနဲ့ ၀န်ဆောင်မှုအပိုင်းမှာ အဆင့်သင့် မဖြစ်သေးဘူးလို့ ခရီးသွားလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ခရီးသည်တွေ တည်းခိုနိုင်ဖို့ ဟိုတယ်တွေ မလုံလောက်တာ၊ ကျွမ်းကျင်ဝန်ထမ်း အရေအတွက် နည်းနေတာတွေကြောင့် နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အများအပြားဝင်လာရင် မျက်နှာပျက်စရာတွေ ဖြစ်မှာကို စိုးရိမ်တယ်လို့ ခရီးသွား လုပ်ငန်းရှင်များ အသင်းရဲ့ ဒု ဥက္ကဌ ဦးသက်လွင်တိုးက ပြောပါတယ်။

“ကျနော်တို့လည်း နည်းလမ်းတွေ ရှာနေရတာပေါ့။ မိုတယ်လေးတွေ၊ အင်းလေးတွေကို ပြန်ပြုပြင် မွမ်းမံပြီးတော့မှပဲ ဧည့်သည်တွေကို ဖြစ်တဲ့နည်းနဲ့ လက်ခံရမလား၊ ပိုဆိုးတာကတော့ သံတမန်တွေ၊ စီးပွားရေး လုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့တွေ လာတဲ့အခါကျတော့ ဟိုတယ်ကြီးတွေကို သူတို့က အကုန် သိမ်းပိုက် လိုက်တာလေ။ ဈေးကောင်း ပေးပြီးတော့။ အဲဒီအခါကျတော့ ကျနော်တို့ နိုင်ငံခြားခရီးသည်တွေကို နေရာ ပြန်ချခံရတာတွေ၊ နေရာ မရတော့တာတွေ၊ မပေးတာတွေ ဒီပြဿနာတွေ ရှိတယ်။ မြန်မာပြည်က အခုကျမှ လူတွေ အရမ်း အဝင်လိုက်လာတော့ ဟိုတယ်ခန်းတွေက ဈေးတွေ ရုတ်တရက် ဈေးတက်တဲ့ အတွက်ကြောင့် ကျနော်တို့မှာ မတန်တဆ ဈေးတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အလျှောက် ထိုက်တန်တဲ့ ၀န်ဆောင်မှုကို ပေးနိုင်ရင်တော့ အကြောင်းမဟုတ်ဘူး။ မပေးနိုင်ရင် ကျနော်တို့တွေ မျက်နှာပျက် ရမှာပေါ့။ ကိုယ်လူတွေလည်း စွမ်းရည်ပြည့်အောင် ကြိုးစားကြရမှာ။ ဒီနှစ် ၄ သိန်း ရောက်နေပြီ။ နောက်ဆို ၄ သိန်း ကျော်မယ်။ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လို့ တက်လာမယ်ဆိုရင် ပေါင်းရင်တော့ သန်းဂဏန်းအထိ ဖြစ်နိုင်တယ်။”

မြန်မာပြည်ဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အောင်မြင်နိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတွေက ဆိုပေမယ့် အိမ်နီးချင်းတွေနဲ့ နှိုင်းယှဉ်ရင် အရေအတွက် နည်းနေသေးတာကို တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာပြည်ကို ကမ္ဘာလှည့်ခရီးသွား ၈ သိန်း ၀င်ရောက်ခဲ့တဲ့အချိန်မှာ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား ၁၉ သန်း၊  လာအိုကို ၂ သန်း ၊ ကမ္ဘော ဒီးယားကို ၃ သန်း အသီးသီး ၀င်ရောက်ခဲ့ကြပါတယ်။

မြန်မာပြည်မှာ လောလောဆယ် လေကြောင်းလိုင်း၊ မော်တော်ယာဉ်၊  တယ်လီဖုန်း ဆက်သွယ်မှုတွေမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဦးသက်လွင်တိုးက ပြောပါတယ်။

“နောက် အလားတူပဲ အဆောက်အအုံအတွက် လိုအပ်တဲ့ သောက်ရေ သုံးရေ၊ လောင်စာဓာတ်ငွေ့၊ လျှပ်စစ်မီး၊ တယ်လီဖုန်း၊ အချက်အလက်နဲ့ ကေဗယ် တီဗွီတွေ သွယ်ယူဖို့ စနစ်တွေ။ အခု တယ်လီဖုန်းတွေကိုလည်း ငါးထောင်တန်ဖုန်းတွေ လုပ်ဖို့ အားယူနေပြီပေါ့ဗျာ ကောင်းတာပေါ့။ ရန်ကုန်လေဆိပ်မှာ လေယာဉ်ကြီး ၂ စင်း ၃ စင်းလောက် ပြိုင်ဆိုက်လိုက်ပြီ ဆိုတာနဲ့ကို မနိုင်ဘူးဗျ။ တန်းစီပြီးတော့ အကုန်လုံး အထုတ်အပိုး ရွေးရတာကအစ လဝကမှာ ကြိတ်ကြိတ်တိုးနေတော့လေ။ လေဆိပ်လည်း ထပ်ချဲ့ဖို့ လိုလိမ့်မယ်။

“နေပြည်တော် ဆိုတာကတော့ အစိုးရရုံးစိုက်ရာမြို့ ဆိုတော့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တွေ၊ ချစ်ကြည်ရေးခရီး လာရောက် လည်ပတ်သူတွေပဲ သွားဖို့၊ စီးပွားရေးလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် နိုင်ငံခြားဧည့်သည်တွေလည်း မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဆွဲဆောင်မှုလည်း မရှိဘူး။ သွားဖို့လည်း မလွယ်ဘူးပေါ့နော်။ အဲဒီတော့ ရန်ကုန်ကတော့ အဓိကဖြစ်တော့ ရန်ကုန်လေဆိပ်ကို ချဲ့ရင်ချဲ့ မချဲ့ရင်တော့ ဟံသာဝတီ လေဆိပ်ကိုတော့ တိုးချဲ့ဖို့ အစီအစဉ်တော့ ရှိတယ်။ အဲဒါကြီးက one way လည်း တပိုင်းတစ ပြီးနေပြီဆိုတော့ ဒါကြီးကို ဆက်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ပဲခူး ဆယ်မိုင်ကုန်းနားမှာ ရှိတဲ့ ဟံသာဝတီလေဆိပ်က အကြီးဆုံးပဲ။ အဲ့ဒါတွေတော့ ဖြစ်သင့်ပြီလို့ ထင်တယ်လေ။ တကယ်တမ်း နိုင်ငံတကာက တိုက်ရိုက်ဆင်းဖို့ဆိုတာ ရန်ကုန်ကတော့ အဆင်ပြေဆုံးပေါ့နော်။”

ပြီးခဲ့တဲ့လတွေမှာ အစိုးရက ကမ္ဘာလှည့် ခရီးသွား မြှင့်တင်ရေးအတွက် အဖွဲ့တွေ ဖွဲ့စည်းထားပြီး သမ္မတ ဦးသိန်းစိန်ရဲ့ စင်ကာပူခရီးစဉ်မှာလည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာဖို့ စင်ကာပူနိုင်ငံရဲ့  နည်းပညာ အကူအညီတွေကို တောင်းခံခဲ့ပါတယ်။

မြန်မာပြည်ကို နိုင်ငံခြားဧည့်သည်တွေ အလွယ်တကူ ၀င်ရောက်လာနိုင်ဖို့ အွန်လိုင်းကနေ ဗီဇာလျှောက်လို့ ရတဲ့ အစီအစဉ်သစ်ကိုလည်း ဧပြီ လဆန်းပိုင်းလောက်မှာ စတင်ဖို့ စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013