DVB Logo
Home
မြန်မာသတင်း
The Voice အယ်ဒီတာချုပ် နှင့် စာရေးဆရာကို ဖမ်းဆီး
DVB
·
June 2, 2017
The Voice အယ်ဒီတာချုပ် နှင့် စာရေးဆရာကို ဖမ်းဆီး
Donate to DVB

တပ်မတော်က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးဆရာ ဗြိတိသျှကိုကိုမောင်တို့ကို ဗဟန်းရဲစခန်းက ဇွန်လ ၂ ရက်နေ့ ညနေပိုင်းမှာ  ဖမ်းဆီးလိုက်ပါတယ်။

“ ညနေ ၃ နာရီခွဲအချိန်က စစ်ဆေးဖို့ ခေါ်ရင်းနဲ့ ဖမ်းလိုက်တာပါ။ ဖမ်းဆီးမိန့် ရထားပြီဖြစ်လို့ ဖမ်းလိုက်တဲ့အကြောင်း မြို့နယ်မှူးက တရားဝင် အသိပေးထားပါတယ်။ ကျနော်တို့ကတော့ စစ်ဆေးဖို့ခေါ်တဲ့အတွက် လာတာဖြစ်လို့ လုပ်ငန်းပိုင်းရော၊ မိသားစုအတွက်ပါ မပြင်ဆင်ခဲ့ရလို့ တိုင်းရဲတပ်ဖွဲ့မှူးဆီကို အချိန်တခုရဖို့ ညှိနှိုင်းထားတာတော့ ပြန်ကြားချက် မရသေးပါဘူး” လို့ ရှေ့နေဖြစ်သူ ဦးခင်မောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးမှုအခြေနေအကို ဗြိတိသျှကိုကိုမောင်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ “လောလောဆယ် ဗဟန်းရဲစခန်းမှာပဲ ရှိပါသေးတယ်။ အဆင်ပြေပါတယ်။ ကိုယ့်တာဝန် ကိုယ်ယူရတာပေါ့။ ခဏတော့ နှုတ်ဆက်ခဲ့ပါတယ်...ဘော်ဒါတို့။ ကျွန်တော့်ရဲ့ မဗိုက်ကိုပဲ ဂရုစိုက်ပေးကြပါဗျာ” လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နေ့ထုတ် The Voice Daily သတင်းစာမှာ စာရေးဆရာ ဗြိတိသျှကိုကိုမောင်က တပ်မတော်နေ့အထိမ်းအမှတ် ထုတ်လွှင့်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ပြည်ထောင်စု သစ္စာကို ကျည်ထောင်စုသစ္စာ  ဆိုပြီး သရော်စာရေးသားဖော်ပြခဲ့လို့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

ဒီသရော်စာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းဦးက ဖြေရှင်းပေးဖို့ စာနယ်ဇင်းကောင်စီကို တိုင်ကြားခဲ့ပါတယ်။

သရော်စာဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ယူဆဖွယ်ရာ သဘော သက်ရောက်သွားရင် The Voice Daily အနေနဲ့ အထူးစိတ်မကောင်းဖြစ်ရတယ်လို့ ပြန်လည်ဖော်ပြခဲ့တဲ့အပြင် တပ်မတော် တာဝန်ရှိသူတွေကိုလည်း စာနဲ့ ပေးပို့ခဲ့တာပါ။

The Voice သတင်းစာအပေါ် စစ်တပ်က တရားစွဲထားတာကို ပြန်လည်ရုပ်သိမ်းပေးဖို့ နယ်ခြားမဲ့သတင်းသမားများအဖွဲ့ RSF ကလည်း ဇွန်လ ၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013