DVB Logo
Home
မြန်မာသတင်း
တောင်ကြီး ကလေးစာပေပွဲတော် သမ္မတ တက်ရောက်
DVB
·
June 2, 2017
Donate to DVB

အနာဂတ် ခေါင်းဆောင်ဖြစ်လာမယ့် ကလေးတွေ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာဖို့ နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ်ဘက်စုံခန်းမဆောင်မှာ ဇွန်လ ၂ ရက်နေ့က ကျင်းပပြီး သမ္မတ ဦးထင်ကျော် တက်ရောက်ပါတယ်။

အနာဂတ်ခေါင်းဆောင် ဖြစ်လာမယ့် ကလေးတွေ စာဖတ်အားကောင်းလာအောင်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာဖို့ ကလေးစာပေပွဲတော် ကျင်းပရတာလို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

“ခေါင်းဆောင်များ ဖြစ်လာကြမယ့် ကလေးများရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အယူအဆများ ထက်မြက်လာစေရန်၊ ကလေးများရဲ့ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်နဲ့ နှုတ်မှုရေးရာ ပြောဆိုနိုင်တဲ့စနစ်များ မြင့်မားလာစေရန်၊ ကလေးများ စာပေနဲ့ ထိတွေ့ရင်းနှီးခွင့်ရပြီး စာဖတ်ဝါသနာပါလာစေရန်နဲ့ ကလေးများရဲ့ ပျော်ရွှင်မှုကို ဖန်တီးနိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပရခြင်း ဖြစ်ပါတယ်။”

ကလေးစာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ကျင်းပတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ပြန်ဆက် ဒုညွန်မှူး ဦးစိုးညွန့်ရွှေက “နည်းပညာတွေ တိုးတက်နေတဲ့အတွက်ကြောင့်မို့ ဆိုရှယ်နက်ခ်ဝါ့ခ် အင်တာနက်တွေကို အသုံးပြုတာကတော့ များပါတယ်။ အခု ကျနော်တို့က ကလေးစာပေပြပွဲတွေ ကျင်းပပေးခြင်း၊ ပြီးတော့ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ဒါတွေကို ကျင်းပခြင်းအားဖြင့် ကလေးတွေဟာ ဒီကနေစပြီး စာဖတ်လာမှာပေါ့နော်။ စာဖတ်ပြီးမှ ပြိုင်ပွဲဝင်လို့ရမယ်။ စာဖတ်ပြီးမှ ကဗျာရွတ်လို့ရမယ်။ ဒီဥစ္စာတွေက အခြေခံတဲ့အတွက်ကြောင့်မို့ ဒီလိုမျိုးတွေ ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ ပညာရေးအခန်းကဏ္ဍ တိုးတက်ပြောင်းလဲလာသလို ကလေးတွေ စာဖတ်အားကောင်းအောင် လုပ်ဖို့ လိုကြောင်း ပညာရောင်ခြည် ကိုယ်ပိုင်ကျောင်း အုပ်ချုပ်ရေးအဖွဲ ဒေါ်ညိုကျော့ခိုင်က ပြောပါတယ်။

“အခုခေတ် ကလေးတွေ အားနည်းနေတာဖြစ်တဲ့ စာဖတ် ဝါသနာလေးတွေပေါ့နော်။ ကလေးတွေဟာ စာဖတ်တဲ့နေရာမှာ အရမ်းကို အားနည်းကြပါတယ်။ စာဖတ်မှပဲ ကလေးတွေအတွက်က အသိပညာ၊ ဗဟုသုတတွေနဲ့ ကမ္ဘာကို ရင်ပေါင်တန်းနိုင်တဲ့ စိတ်ဓာတ်တွေကို ကလေးတွေက ရမှာပါ။ ကျမတို့နိုင်ငံက ပညာရေးစနစ်က တဖြည်းဖြည်းချင်း ပြန်လည်ပြောင်းလဲလာမယ်လို့ ကျမ ယုံကြည်ထားပါတယ်။ အခု ကလေးလေးတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ သမ္မတ လာမယ်ဆိုတာနဲ့ သူတို့အကုန်လုံး သမ္မတ မြင်ဖူးချင်တယ်ပေါ့နော်။ ကလေးတွေရဲ့ဆန္ဒကလည်း ကိုယ့်ရဲ့နိုင်ငံတော်ခေါင်းဆောင်တယောက်ကို မြင်ဖူးချင်တယ်၊ တွေ့ဖူးချင်တယ်။ အဲဒီလိုမျိုးစိတ်ဓာတ်လေးတွေဆိုတော့ ကလေးလေးတွေရဲ့ စိတ်ထဲမှာလည်း ဒီလို သမ္မတကိုယ်တိုင် ကြွရောက်ပေးတဲ့အတွက် နိုင်ငံချစ်စိတ်၊ ကိုယ့်ရဲ့အမျိုးအပေါ် ချစ်မြတ်နိုးတဲ့စိတ်တွေ တိုးပွားလာမယ်လို့ ကျမ ယုံကြည်ထားပါတယ်။”

ကလေးစာပေပွဲတော်ကို ၃ ရက်ကျင်းပမှာဖြစ်ပြီး ကလေးကစားစရာ၊ တီထွင်ဆန်းသစ်တဲ့ ပညာပေးပြခန်းတွေ၊ စာအုပ်အရောင်းပြခန်းတွေနဲ့ ကလေးတွေ ပျော်ရွှင်ဖို့ ပြိုင်ပွဲမျိုးစုံကိုလည်း ကျင်ပသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်ကို နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်မြို့တွေမှာ ကျင်းပပြီးဖြစ်ပြီး တောင်ကြီးမြို့မှာ စတုတ္ထအကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013