DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် အုတ်နံရံ နေအိမ်ပေါ်ပြိုကျ၍ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
June 2, 2017
မူဆယ်တွင် အုတ်နံရံ နေအိမ်ပေါ်ပြိုကျ၍  ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ထဲမှာ ဒီကနေ့မနက် ၇ နာရီလောက်က နေအိမ်ပေါ် အုတ်နံရံပြိုကျပြီး သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

မူဆယ်မှာ မိုးတွေ ဆက်တိုက်ရွာနေတာကြောင့် ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တလုံးရဲ့ အုတ်နံရံမှာ မြေသားအိပြီး ပြိုကျလာတာလို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“မိုးကတောက်လျှောက်ရွာနေတော့ မြေအိသွားတာပါ၊ မြေပြိုတာတော့ မဟုတ်ဘူး၊ မခိုင်ခံ့တဲ့ အဆောက်အဦက ပြိုကျတာ၊ အုတ်နံရံက အပေါ်က မြေသားပြိုတဲ့အခါမှာ လူက နံရံပိပြီး သေတာပေါ့၊ တယောက်သေဆုံးပြီး တယောက်ဒဏ်ရာရတယ်လို့ ကနဦး သိရတယ်။ အဲဒီနေရာကို ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ သွားကူနေပါတယ်။ ကြေးနန်းစာ မရောက်လာသေးလို့ အသေးစိတ်ကို မသိရသေးဘူး။”

ဒီကိစ္စနဲ့ပတ်သက်ပြီး မူဆယ်မြို့နယ် ကရုဏာလူမှုရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက သေဆုံးသူမှာ အသက် ၁၇ နှစ်ရွယ် မပိုးအိစံ ဆိုသူဖြစ်ပြီး ဒဏ်ရာရတဲ့ သူ့အမျိုးသားကိုတော့ လောလောဆယ် မန္တလေးဆေးရုံကြီးကို ခေါ်ဆောင်လာနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“သူ့အမျိုးသားက ခေါင်းကို အုတ်နံရံပိသွားတော့ ရှော့ဖြစ်သွားတယ်၊ မေ့သွားတာပေါ့။ သတိရလာတော့ စကားမပြောနိုင်ဘူး ဖြစ်သွားတယ်။ ဦးနှောက်နဲ့အာရုံကြောနဲ့ဆိုင်လို့ မူဆယ်ဆေးရုံကနေ မန္တလေးဆေးရုံကို လွှဲပေးလိုက်တာ။ အခု ကျနော်တို့ လူမှုရေး အသင်းကားနဲ့ပဲ မန္တလေးကို သွားနေကြတုန်းပါခင်ဗျ။”

အုတ်နံရံက ပိကျလာတဲ့ အိမ်မှာ   ၂ ခန်းတွဲရှိပြီး  ဇနီးမောင်နှံ နှစ်စုံတွဲက တခန်းစီ နေထိုင်ကြောင်း၊  ကျန်တဲ့ တစ်စုံတွဲကတော့ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရကြလို့ ဆေးရုံတော့ မတက်ရဘူးလို့ သူက ဆက်ပြောပါတယ်။

သူတို့တွေဟာ ပြည်မဘက်ကနေ မူဆယ်မှာလာပြီး  အိမ်တလုံးမှာ ငှားရမ်းနေထိုင်ကာ အလုပ်လာလုပ်နေသူတွေ ဖြစ်ကြောင်း၊ အဲဒီရပ်ကွက်ကို ၄၅ ကုန်းလို့ လူသိများပြီး  အိမ်တွေက ချောက်ကမ်းပါးတွေ၊ တောင်စောင်းတွေမှာ တည်ဆောက်ထားကာ၊ မြေသားတွေမှာ ဖို့မြေဖြစ်တာကြောင့် မိုးရွာတဲ့အခါ အခုလို အန္တရာယ်နဲ့ ကြုံရတာလို့  ဦးသောင်းထွန်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013