မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ သစ်တောဦးစီးဌာနနဲ့ အမှတ် (၆) ရပ်ကွက်က ပရဟိတလူငယ်တွေဟာ ဒီမနက်ပိုင်းက အရိပ်ရ သစ်ပင်တွေ စိုက်ပျိုးနေကြပါတယ်။
မြင်းခြံမြို့ကနေ နွားထိုးကြီးမြို့အထွက် ပြောင်ပြားဆည် ရေမြောင်းဘေးရှိ လမ်းဘေး ဝဲယာမှာ မန်ကျီးပင်၊ တမာပင်၊ ကုက္ကိုပင်၊ ညောင်ပင်၊ မယ်ဆယ်ပင်၊ ယင်းမာပင် စတဲ့ အရိပ်ရ သစ်ပင် ၁၃၀၀ ကို လူအင်အား ၅၀ လောက်နဲ့ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
မြင်းခြံမြို့နယ် သစ်တောဦးစီးဌာန တောအုပ် ကိုနေလင်းက “ကျနော်တို့က ပျိုးပင်အခမဲ့ ဖြန့်ဝေပေးတယ်။ စိုက်မယ့်နေရာကို ဘယ်လို စိုက်ရမယ်၊ ဘယ်လို တူးရမယ်၊ ပေအကွာအဝေး ဘယ်လောက်ရှိရမယ်၊ လမ်းမကြီးနဲ့ မကပ်ဖို့ နည်းစနစ်တွေ ပြောပြပေးပါတယ်။ နောက်ထပ်လည်း မိုးရာသီရောက်ရှိနေတော့ မြင်းခြံရှိ ပရဟိတတွေနဲ့ ပေါင်းပြီး သစ်ပင်တွေ ထပ်စိုက်ပျိုးသွားဖို့ အစီအစဉ်တွေ ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြင်းခြံမြို့၊ အမှတ် (၆) ရပ်ကွက်ရှိ ပရဟိတ လူငယ်အဖွဲ့ဟာ အရိပ်ရသစ်ပင်စိုက်ပျိုးမှုကို ၂၀၁၀ ကတည်းက မိုးရာသီအဝင်မှာ စတင်စိုက်ပျိုးခဲ့ကြတာပါ။
စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ အပါအဝင် မြို့ပတ်ဝန်းကျင်မှာ စိုက်ပျိုးခဲ့ပြီး စုစုပေါင်းစိုက်ပျိုးပင် ၇၀၀၀ ကျော်အနက် အပင်ရှင်သန်မှုဟာ ၅၀ ရာခိုင်နှုန်း ရှင်သန် ဖြစ်ထွန်းတယ်လို့ ပြောပါတယ်။
ပရဟိတအဖွဲ့မှ ကိုကျော်နိုင်က “အညာမြေကပူတော့ အပင်များများ ရှိဖို့အရေးကြီးပါတယ်။ အပင်များများစိုက်မှ ရာသီဥတုဒဏ်ကို ခံနိုင်မှာမို့ အရိပ်ရသစ်ပင်တွေ ဦးစားပေး စိုက်ပျိုးတာပါ။ အပင်တွေ ဆက်ရှင်သန်ဖို့ကျ နွေရာသီ ရောက်လာရင် ရေသယ်ပြီး လိုက်လောင်းတာတွေ လုပ်ရပါတယ်။ ခု မိုးရာသီမှာလည်း သစ်ပင်တွေ ထပ်ပြီး တိုးချဲ့စိုက်သွားဦးမှာပါ” လို့ ပြောပါတယ်။
အပူဒဏ်ကို အန်တုနိုင်ဖို့ ဒီအစီအစဉ်ကို လုပ်ဆောင်တာလို့ ရှင်းပြပါတယ်။
သတင်း၊ ဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)











