DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာကလေးလုပ်သားများအပါအဝင် အလုပ်သမား ၂၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
June 2, 2017
မဲဆောက်တွင်  မြန်မာကလေးလုပ်သားများအပါအဝင် အလုပ်သမား ၂၀၀ ကျော် ဖမ်းဆီးခံရ
1 / 6
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ဇွန် ၁ ရက်နေ့က တရားမဝင် အလုပ်သမား ဖမ်းဆီးနှိမ်နင်းရေး စီမံဆောင်ရွက်ရာမှာ ကလေးအလုပ်သမား ၁၁ ဦး အပါအဝင် ဥပဒေနဲ့မညီညွတ်တဲ့  မြန်မာအလုပ်သမား ၂၀၀ ကျော် ဖမ်းဆီးခံရပါတယ်။

တာ့ခ်ခရိုင် ရဲတပ်ဖွဲ့၊ အမှတ် ၁၄ အထူးစစ်ဆင်ရေးတပ်၊ မဲဆောက်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၊ တာ့ခ်ခရိုင် လဝကရုံး စတဲ့ ဌာနဆိုင်ရာက အဖွဲ့ဝင်စုစုပေါင်း အင်အား ၈၀ ကျော်ဟာ ဇွန် ၁ ရက်နေ့က မဲဆောက်မြို့နယ် ဖရထတ်ဖာဒဲန်းကျေးရွာအုပ်စု ရပ်ကွက် ၃ ရှိ စက်ရုံ အလုပ်ရုံတွေကို သွားရောက်စစ်ဆေးရာမှာ အလုပ်သမားမှတ်ပုံတင် မရှိတဲ့သူတွေ၊ မှတ်ပုံတင်ရှိပေမယ့် သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း မလိုက်နာသူတွေ၊ စုစုပေါင်း ၂၃၁ ဦး၊ အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၁၃၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စီမံချက် အဖွဲ့ဝင်တွေရဲ့ အပြောကို ကိုးကားပြီး အာဆီယံသတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက် (MMNT) အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးကလည်း ဖမ်းဆီးခံရသူတွေထဲမှာ ကလေးအလုပ်သမား ၁၁ ဦးပါဝင်ပြီး အထောက်အထားမပြည့်စုံတဲ့ အလုပ်သမားတွေကိုလည်း သူတို့အလုပ်ရှင်က မြန်မာပြည်ဘက် ခဏတိမ်းရှောင်ခိုင်းတယ်လို့ ဒီဗွီဘီကို ခုလို ပြောပြပါတယ်။

“အဲဒီထဲမှာ ကလေးအလုပ်သမား ၁၁ ယောက်လောက် ပါတယ်၊ ပြီးတော့ တပြိုင်နက်တည်းမှာပဲ မဲဆောက်မြို့ သောင်ရင်းမြစ်ကမ်းနားတလျှောက်မှာရှိတဲ့ ကျေးရွာက အထည်ချုပ်ရုံ၊ သုံးမွေးစက်ရုံတွေမှာ အထောက်အထားမဲ့၊ အထောက်ထား မစုံလင်၊ အထောက်အထားလွဲတဲ့ အလုပ်သမားတွေကို သူတို့ရဲ့ အလုပ်ရှင်သူဌေးတွေကိုယ်တိုင်က မြဝတီဘက်ကို တိမ်းရှောင်ဖို့ ပြောတဲ့အတွက် လူ ၂၀၀ ကျော်က မြဝတီဘက် နီးစပ်ရာ အသိအိမ်တွေ၊ တချို့က တောရကျောင်း၊ ဓမ္မဉာဏ်အောင်၊ ဓမ္မရန်အောင်၊ ကြံခင်းကျောင်း အဲဒီကျောင်းတွေမှာ သွားပြီးခိုလှုံနေရတယ်။”

ဒီလို ဖမ်းဆီးမှုမပြုခင် ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီးဌာန စစ်ဆေးရေးမှူးတွေက သူနဲ့ အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်းကို လာရောက်တွေ့ဆုံပြီး မဲဆောက်နယ်မြေက အလုပ်သမား အခြေအနေတွေ မေးမြန်းခဲ့ကြောင်း၊ သူတို့ကလည်း အလုပ်သမားတွေကို လုပ်အားခအပြည့်မပေးတဲ့ စက်ရုံ၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးမရှိတဲ့ အလုပ်ရုံတွေကို လိုက်လံပြသပေးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းအလုပ်သမားဥပဒေအရ အသက် ၁၅ နှစ်အောက်ကလေးတွေကို ငှားရမ်းခိုင်းစေခွင့် မရှိသလို၊ တရားမဝင် အလုပ်သမား လက်ခံထားတဲ့ ထိုင်းအလုပ်ရှင်တွေဟာလည်း လုပ်ငန်းပေါ်မူတည်ပြီး အလုပ်သမားတဦးအတွက် ဒဏ်ငွေ ဘတ် ၁ သောင်းမှ ၁ သိန်းထိ ကျခံထိနိုင်ပါတယ်။

အထောက်အထားမရှိဘဲ အလုပ်ဝင်လုပ်တဲ့ အလုပ်သမားတွေဟာလည်း ၅ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ဘတ် ၂ ထောင်မှ ၁ သိန်းထက်မပိုတဲ့ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ် ၂ ရပ်လုံး ကျခံထိပြီး မူရင်းနိုင်ငံ ပြန်ပို့ခံရမယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013