DVB Logo
Home
မြန်မာသတင်း
နှစ်လောင်းပြိုင်လူသတ်မှု ဇနီးကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းဖြစ်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်
DVB
·
June 2, 2017
Gallery image 1
1 / 5
Donate to DVB

သာကေတမြို့နယ် နှစ်လောင်းပြိုင်လူသတ်မှုမှ စစ်ဆေးဖော်ထုတ်ချက်အရ အိန္ဒိယနိုင်ငံသားဟာ ဇနီးဖြစ်သူကိုသတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဇွန် ၁ ရက်နေ့ညက သတင်းထုတ်ပြန်ပါတယ်။

သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး၊ မြရည်နန္ဒာအိမ်ရာဝင်း အမှတ် ၈ နေအိမ်မှာ ဇွန် ၁ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ အသက် ၄၈ နှစ်အရွယ် အိန္ဒိယနိုင်ငံသား VICTOR RAJ နဲ့ ဇနီးဖြစ်သူ မခိုင်စပယ်နှင်းအောင် (၃၁) နှစ်တို့ သေဆုံးနေ ကြောင်း ဖခင်ဖြစ်သူရဲ့ တိုင်တန်းချက်အရ သာကေတနယ်မြေရဲစခန်းက (ပ)၅၇၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အသေးစိတ်စုံစမ်း စစ်ဆေးချက်အရ သေဆုံးသူ VICTOR RAJ ဟာ အလုပ်အကိုင် ၇ ကြိမ် ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ အလုပ်အကိုင်မရှိဘဲ အခြားသူတွေကိုလည်း အကြွေး အမြောက်အမြား ပေးဆပ်ဖို့ရှိတဲ့အပြင် ဇနီးဖြစ်သူကိုလည်း ငွေကျပ် သိန်း ၅၀ ပေးဖို့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်နေ့မှာ VICTOR RAJ က နေအိမ်ကို သန့်ရှင်းရေး ဝင်ရောက်မလုပ်ဖို့ အိမ်အကူတွေကို မှာကြားခဲ့တယ်၊ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးအုန်းမြင့်ကိုလည်း သူ့အား ဘယ်သူလာမေးမေး နေအိမ်မှာမရှိဘဲ နိုင်ငံခြားကို ပြန်သွားတယ်လို့ ပြောဆိုဖို့  မှာကြားထားကြောင်း ဆိုပါတယ်။

အခင်းဖြစ်တဲ့နေ့က နေအိမ်အတွင်းမှာ လင်မယားနှစ်ဦးသာရှိပြီး အိမ်အကူနဲ့ လုံခြုံရေး ဝန်ထမ်းတို့ဟာ နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေကြောင်း၊ ည ၇ နာရီလောက်မှာ ညီမဝမ်းကွဲ မခိုင်နှင်းဝေက အစ်မဖြစ်သူ မခိုင်စပယ်နှင်းအောင် အပြင်ထွက်မလာလို့ အိပ်ခန်းတံခါးကို သွားခေါက်ရာ အတွင်းက ဘာအသံမျှ မကြားရသလို ဖုန်းကိုခေါ်ဆိုရာလည်း လက်ခံဖြေကြားခြင်းမရှိဘူးလို့ သိရှိရပါတယ်။

အခင်းဖြစ်ရပ်မှာ တွေ့ရှိရတဲ့ တူနဲ့ဓားမအား သေဆုံးသူ VICTOR RAJ က မေ ၃၀ ရက်နေ့က Capital Hyper Market မှ ကိုယ်တိုင်ဝယ်ယူခဲ့ကြောင်း Capital Hyper Market ရဲ့ CCTV မှတ်တမ်း အထောက်အထားတွေနဲ့ ငွေရှင်းပြေစာဘောက်ချာမှတ်တမ်းအထောက် အထားတွေ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ရရှိတဲ့ဒဏ်ရာတွေအရ ၀ဲ/ယာလက်ကောက်ဝတ်မှာ သွေးပြန်ကြောလှီးဖြတ်ဒဏ်ရာ ၁ ချက်စီ၊ ဝမ်းဗိုက်အထက် ရင်ညွန့်ပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ရင်ညွန့်မှာ ဖိုးသွင်းဒဏ်ရာ ၂ ချက်ရရှိပြီး မခိုင်စပယ်နှင်းအောင်မှာ လည်ပင်းခုတ်ထစ်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာနားထင် တူနဲ့ထုတဲ့ ချိုင့်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသူ VICTOR RAJ ဟာ မသေဆုံးမီက Capital Hyper Market မှ တူနဲ့ဓားမ ဝယ်ယူခဲ့တာ၊ ပေးဆပ်ရန်အကြွေးတွေရှိနေတာ၊ ဒဏ်ရာတွေမှာလည်း မိမိကိုယ်မိမိ သတ်သေဖို့ ရည်ရွယ်ပြီး ဝဲ/ယာ လက်ကောက်ဝတ်မှာ သွေးပြန်ကြောလှီးဖြတ်ဒဏ်ရာ ၁ ချက်စီ တွေရှိရတဲ့အပြင် ဇနီးဖြစ်သူရဲ့ ဒဏ်ရာမှာလည်း တူနဲ့ ထုတဲ့ ချိုင့်ဝင်ဒဏ်ရာ တွေ့ရှိရလို့ VICTOR RAJ ဟာ ဇနီးဖြစ်သူအား တူနဲ့ဓားကိုအသုံးပြုကာ သတ်ပြီးနောက် မိမိကိုယ်မိမိ သတ်သေခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

နေအိမ်အ၀င်တံခါးမကြီး၊ ခြံဝင်းတံခါးနဲ့ ခြံစည်းရိုးလုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ CCTV ကင်မရာ ၄ လုံးကို မေ ၃၁ ရက်နေ့ မနက် ၆ နာရီမှ ဇွန်လ ၁ ရက်နေ့ မနက် ၈နာရီအထိ စစ်ဆေးချက်မှတ်တမ်းအရနဲ့ လုံခြုံရေးဝန်ထမ်း ဦးအုန်းမြင့်ရဲ့ ပြောပြချက်တွေအရ နေအိမ်ခြံဝင်းအတွင်း ဝင်ထွက်သွားလာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။

အမှုနဲ့စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ ဖော်ထုတ်ရရှိချက်တွေအပေါ်  အများပြည်သူသိရှိစေဖို့ အသိပေးဖော်ပြခြင်းဖြစ်ပြီး အမှုကို သက်သေ အထောက်အထား ခိုင်လုံစွာရရှိဖို့ ဆက်လက်စုံစမ်း စစ်ဆေးဖော်ထုတ် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဓာတ်ပုံ - Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013