DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းနှင့်တနင်္သာရီတိုင်းတို့က ကျေးရွာ ၇၆ ရွာကို လျှပ်စစ်မီးရရှိရန် ဆောင်ရွက်မည်
DVB
·
June 2, 2017
Donate to DVB

စစ်ကိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၇၆ ရွာကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ လျှပ်စစ်မီးရရှိစေဖို့ PACT Myanmar နဲ့ Shell တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

မြန်မာပြည်အလယ်ပိုင်းဇုန်နဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်ကြတဲ့ ပြည်သူ ၂ သောင်းခန့်ကို စွမ်းအင်ရရှိအောင် ဆောင်ရွက်ပေးမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်မတိုင်မီ လူပေါင်း ၃၅၀၀၀ ရဲ့ လူနေမှုဘဝတွေကို မြှင့်တင်ပေးသွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံချက်မှာ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဇွန်လ ၁ ရက်နေ့က စတင်ပြီး စစ်ကိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာပေါင်း ၁၆ ရွာမှာ ရှေ့ပြေး စမ်းသပ်ဆောင်ရွက်ခဲ့ရာ အောင်မြင်ခဲ့ပါတယ်။

PACT Myanmar စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်မော်မော်စိုးက “ကျမတို့ လျှပ်စစ်စွမ်းအင် ဆောင်ရွက်တဲ့အခါမှာ လူတွေရဲ့ နေ့စဉ် ကောင်းမွန် တိုးတက်တဲ့ဘဝတွေ ရရှိဖို့ ဒီစီမံကိန်းကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးက ပထမဆုံး နယ်မြေတိုးချဲ့ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဒီစီမံကိန်းကို တမြို့နယ်မှာ ရွာ ၃၀ အကောင်ထည်ဖော် ဆောင်ရွက်နေပါတယ်။ Shell Myanmar ကလည်း ပူးပေါင်းဆောင်ရွက်တဲ့အတွက် တနင်္သာရီတိုင်းဒေသကြီးသာမက မြန်မာနိုင်ငံအလယ်ပိုင်းက ဘုတလင်မှာလည်း ကျေးရွာပေါင်း ၁၆ ရွာကို ဆောင်ရွက်ထားပြီး ဖြစ်တယ်။ ဒါကြောင့် စုစုပေါင်း ကျေးရွာပေါင်း ၇၆ ရွာကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်”  လို့ ပြောပါတယ်။

အခု ဆောင်ရွက်နေတဲ့ စီမံကိန်းမှာ အပိုင်း ၃ စီမံကိန်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီမြို့နယ်၊ မွန်ပြည်နယ်ရှိ သထုံမြို့နယ်လည်း ပါဝင်လာဦးမယ်လို့ ဒေါ်မော်မော်စိုးက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မဟာဓာတ်အားလိုင်း မရောက်နိုင်သေးတဲ့ နေရာတွေ၊ ပုဂ္ဂလိက မီးလင်းရေး မဆောင်ရွက်နိုင်သေးတဲ့ ကျေးရွာတွေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှ မီးလင်းရေး မဆောင်ရွက်နိုင်သေးတဲ့ ကျေးရွာတွေကို စာရင်းပြုစုပြီး မီးလင်းရေးအတွက် ဆောင်ရွက်ပေးနေတာပါ။

“ကျနော်တို့ရွာ လက်ရှိအိမ်ခြေ ၅၃ လုံးရှိပါတယ်။ အများစုက ထင်းမီးနဲ့ မီးခွက်တွေကို အသုံးပြုကြပါတယ်။ အခု လာရောက်စီစဉ်ပေးတဲ့ PACT Myanmar နဲ့ Shell တို့ကို ကျေးဇူးတင်ပါတယ်။ ဆိုလာတွေကို ရောင်းချပေးတာကို အဲဒီအဖွဲ့တွေက ငွေကြေး စိုက်ထုတ်ပြီး ကုမ္ပဏီတွေဆီကနေ ဝယ်ယူပေးပါတယ်။ ကျနော်တို့ကိုလည်း အရစ်ကျစနစ်နဲ့ အတိုးမယူ ပြန်လည်ဝယ်ယူစေပါတယ်။ ဒီအတွက် ကျနော်တို့ရွာမှာ မီးရရှိမှာ ဖြစ်တဲ့အတွက် ဝမ်းသာပါတယ်” လို့ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်က ပြောပါတယ်။

ပထမဆုံးအနေနဲ့ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ အရှေ့တောင်ကျေးရွာမှာ ဆိုလာမီး ရရှိရေးအတွက် စတင်ဆောင်ရွက်ခဲ့ပြီး ဒေသခံတွေနဲ့ ဇွန်လ ၁ ရက်နေ့မှာ တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013