DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ဆေးကြောင်ပြီး ကိုယ့်အိမ်ကိုယ်မီးပြန်ရှို့
DVB
·
June 1, 2017
လားရှိုးတွင် ဆေးကြောင်ပြီး ကိုယ့်အိမ်ကိုယ်မီးပြန်ရှို့
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် ရပ်ကွက် ၁၂  ဟူးမွန်ကျေးရွာအုပ်စု မန့်နားကျေးရွာမှာ  ပြီးခဲ့တဲ့ မေလ ၃၀ ရက်က လူတစ်ဦး စိတ်ကြွဆေးကြောင်ပြီး ကိုယ့်အိမ်ကိုယ်မီးပြန်ရှို့မှု  ဖြစ်ပွားခဲ့ပါတယ်။

အသက် ၃၈ ရွယ်ရှိ စိုင်းဆာအေးဆိုသူမှာ စိတ်ကြွဆေးစွဲပြီး မူမမှန်သလို ဖြစ်နေတာ ကြာပြီဖြစ်ကြောင်း၊  မေ ၃၀ ရက်နေ့ကတော့ သူ့အိမ်က အ၀တ်အစားတွေရော၊ အိမ်နံရံကိုပါ  ၃ ကြိမ်တိုင် မီးရှို့ခဲ့တယ်လို့  ညီမဖြစ်သူ နန်းဆိုင်ဇမ်က ဒီဗွီဘီကို ပြောပါတယ်။

“သူက မူမမှန်ဘဲ မိန်းမနဲ့ သားသမီးတွေကို ရိုက်လေ့ရှိတယ်။ အဲဒါ ဘယ်သူမှ သူ့နားမကပ်ရဲဘူး။ အဲဒီနေ့မနက်ကတော့ ၉ နာရီလောက်မှာ ရှိသမျှအ၀တ်တွေ အိမ်လယ်ခေါင်မှာ လာပုံပြီး မီးနဲ့ရှို့လိုက်တယ်၊ သူ့မိန်းမနဲ့ ရွာသားတွေက ၀ိုင်းငြှိမ်းတော့ ခနငြိမ်သွားရော၊ နေ့လယ် ၁၂ နာရီလောက်မှာ သူတို့အိမ်ဆိုင်ကို မီးထပ်ရှို့တယ်။ ပစ္စည်းတွေယူပြီးရွှေ့တော့ အနောက်ကနေ ပစ္စည်းကို လိုက်ရှို့တယ်။  နောက်ပြီး မီးဖိုထဲဝင်သွားပြီး  တံခါးပိတ်ပြီး တိတ်တိတ်လေးနေနေတယ်။ ညနေ ၃ နာရီလောက်ကျတော့ မီးဖိုနံရံကို မီးရှို့တော့ အိမ်ပါလောင်သွားတယ်။ အဲဒါ အကုန်မီးဝိုင်းငြှိမ်းပြီး ရဲကို သွားခေါ်တယ်။ ရဲက သူ့ကို ဖမ်းသွားပြီး စစ်ဆေးပြီးတော့   အရေးယူနိုင်လောက်တဲ့ အမှုကြီးကြီးမားမား မရှိဘူးဆိုပြီး အဲဒီညပဲ  ပြန်လွှတ်ပေး လိုက်ရော၊ သူကတော့ နောက်ဆိုမလုပ်တော့ပါဘူးလို့ ပြောတယ်။ မနက်ဖြန် ဆေးသွားဖြတ်မယ်လို့ ပြောတယ်၊ နောက်နေ့ကျတော့ မသွားပြန်ဘူး။ အဲဒါနဲ့ ကျမတို့က ရဲကို ထပ်သွားခေါ်တယ်၊ အခုသူ့ကို ဆေးဖြတ်ပေးဖို့ လားရှိုးဆေးရုံခေါ်သွားပြီ။”

စိုင်းဆာအေးမှာ ၁၈ နှစ်ရွယ် သားတယောက် နဲ့ ၁၅ နှစ်ရွယ် သမီးတယောက်ရှိကြောင်း၊ သူက သားကိုရိုက်လို့ သားက ထိုင်းဘက်ကို ထွက်သွားတာကြာပြီဖြစ်ကြောင်း၊ ဇနီးနဲ့ သမီးလည်း အနားမကပ်ရဲဘဲ ထမင်းစားချိန်ရောက်မှ လာရောက်ခူးခပ်ကျွေးမွေးတယ်လို့ သူကဆက်ပြောပါ တယ်။

စိုင်းဆာအေးဟာ ကိုရင်လူထွက်ဖြစ်ပြီး မူးယစ်ဆေးမစွဲခင်ကတော့ စိတ်ရင်းကောင်း သူဖြစ်ကာ ရပ်ရေးရွာရေးမှာလည်း တက်ကြွစွာ ပါဝင်ကူညီကြောင်း၊ အခုလိုဖြစ်သွားတဲ့အတွက် အကိုဖြစ်သူကို လွန်စွာနှမျောမိကြောင်း၊ သူတို့ရွာမှာ စိတ်ကြွဆေးဟာ အလွယ်တကူ ၀ယ်ယူ လို့ရပြီး လူငယ်တွေပါ သုံးစွဲနေတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် နှိမ်နင်းပေးစေလိုတယ်လို့  နန်းဆိုင်ဇမ်က ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လားရှိုးရဲစခန်းကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

လားရှိုးက ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလှိုင်းခမ်းကတော့ “မန့်နား၊ ဟတ်ကာတကြောရှိ ချောင်ကျတဲ့နေရာက မူးယစ်ဂိုဏ်းကို   မနှစ်က ရဲတွေ ၀င်ရောက်နှိမ်နင်းခဲ့သေးကြောင်း၊  သူကလည်း အဲဒါကို ဥပမာပြုကာ ဆက်လက်နှိမ်နင်းဖို့ လွှတ်တော်မှာ တင်ပြခဲ့ကြောင်း၊ အပေါ်ဘက်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒတွေ ရေးဆွဲနေပေမယ့် အောက်ခြေမှာတော့ ဘာမှအထူးလှုပ်ရှားတာ မတွေ့ရသေးဘူးလို့ ပြောသွား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013