
မေလ ၃၀ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် တိုင်းနဲ့ ပြည်နယ် ၃ ခုမှာ အဆောက်အဦပေါင်း ၁၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းတွေမှာ ပျက်စီးခဲ့တာ ဖြစ်ပြီး ရခိုင်ပြည်နယ်ကတော့ ပျက်စီးတာ အများဆုံး ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အိမ်ခြေ ၁၆၃ အိမ် လုံးဝပျက်စီးပြီး ၇၇၆ အိမ်ကတော့ အနည်းငယ် ပျက်စီးခဲ့တာပါ။ စာသင်ကျောင်းပေါင်း ၆၇ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၂၃ ခု၊ ရုံး ၁၇ ရုံးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးတော့ ဆေးရုံ ဆေးခန်း ၄ ခုနဲ့ ဒုက္ခသည်စခန်း ၅ ခုလည်း ပျက်စီးခဲ့ပါတယ်။
ပျက်စီးတာ အများဆုံးက စစ်တွေဖြစ်ပြီး၊ ရသေ့တောင်မြို့နယ်မှာ ဒုတိယ အများဆုံး ပျက်စီးခဲ့တာပါ။ မင်းပြားမြို့နယ်မှာတော့ မုန်တိုင်းနားခိုစခန်းတစ်ခုလည်း ပျက်စီးတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာတော့ အိမ် ၃၆ လုံးပျက်စီးသွားပါတယ်။
ချင်းပြည်နယ်မှာ အိမ် ၅၃ လုံးပျက်စီးပြီး ဘာသာရေးအဆောက်အဦ ၃ ခုနဲ့ စာသင်ကျောင်း ၃ ခု ပျက်စီးသွားတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်က ဒေသခံတွေကို စုံစမ်းကြည့်ရာမှာတော့ မြို့တိုင်းလိုလိုမှာ စာသင်ကျောင်းတော်တော်များများ ပျက်စီးသွားတယ်လို့ သိရပါတယ်။ လက်ရှိထုတ်ပြန်ထားတဲ့ စာရင်းတွေထက် အပျက်အစီးက ပိုများမယ်လို့လည်း ပြောကြပါတယ်။











