DVB Logo
Home
မြန်မာသတင်း
လူသတ် ထွက်ပြေးလာသည့် ထိုင်းအမျိုးသမီး ၂ ဦးနှင့်ဆက်စပ်သူ ၂ ဦးကို ထိုင်းဘက် ပြန်လွှဲ
DVB
·
June 1, 2017
Donate to DVB

ထိုင်းနိုင်ငံအတွင်း ခွမ်ကန်မြို့မှာ အမျိုးသမီးတဦးကို ခန္ဓာကိုယ်နှစ်ပိုင်းဖြတ် သတ်ဖြတ်ပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်အတွင်း ထွက်ပြေးလာတဲ့ လူသတ်တရားခံ ထိုင်းအမျိုးသမီး ၂ ဦးနဲ့ ပတ်သက်ပြီး ဆက်စပ်မှုရှိတဲ့ ထိုင်းအမျိုးသား ၂ ဦးကို ဇွန်လ ၁ ရက်နေ့မှာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က ထိုင်းဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ ထိုင်းနိုင်ငံသား ၂ ဦးဟာ လူသတ်မှုနဲ့ပတ်သက်ပြီး စပ်ဆက်မှုရှိကာ တစ်ဦးက လူသတ်မှုတရားခံ အမျိုးသမီး ၂ ဦးကို မယ်ဆိုင်မြို့ကနေ တာချီလိတ်မြို့ထဲ ခေါ်ဆောင်ခဲ့တဲ့ မော်တော်ယာဉ်မောင်းနဲ့ တာချီလိတ်မြို့က ထိုင်းစီးပွားရေးလုပ်ငန်းရှင်တဦးတို့ ဖြစ်တယ်လို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းက “လူသတ်မှု ကျူးလွန်တဲ့အမှုနဲ့ ပတ်သက်ပြီးတော့ သံသယရှိဖွယ် ထိုင်းနိုင်ငံသား ၂ ဦး၊ ထွက်ပြေးလွတ်မြောက်နေတဲ့ ထိုင်း နိုင်ငံသား ၁ ဦး၊ ဒီ ၃ ဦး။ သံသယရှိဖွယ် ထိုင်းနိုင်ငံသား ၂ ဦးကို ကျနော်တို့က  ထိုင်းနိုင်ငံအဖွဲ့ကို ပြန်ပြီးလွှဲပြောင်းပေးအပ်ထားပြီးတော့ သူတို့ထိုင်းနိုင်ငံက စစ်ဆေးပေါ်ပေါက်ချက် ရရှိမှသာ အဲဒီစစ်ဆေးချက်တွေကို ကျနော်တို့အနေနဲ့ ရယူပြီးတော့ အမှုမှန် အမြန်ဆုံးပေါ်ပေါက်အောင် ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ပြန်လည်လွှဲပြောင်းပေးတဲ့ ၂ ယောက်မှာ  တယောက်က လူသတ်မှု ကျူးလွန်တဲ့ အမျိုးသမီး ၂ ဦးကို ကားနဲ့ ၂၅ ရက်နေ့က ၈ နာရီ ၂၀ မိနစ်မှာ မြန်မာနိုင်ငံဘက်ကို သယ်ဆောင်လာတဲ့ လူ ၂ ယောက် ဖြစ်ပြီးတော့ နောက်တယောက်ကတော့ ဒီအမျိုးသမီး ၂ ဦးကို လက်ခံထားတဲ့ ထိုင်းနိုင်ငံသား ၁ ဦး ဖြစ်ပါတယ်။ ကျန်တဲ့သံသယရှိဖွယ် နောက်တဦးကတော့ လက်ခံထားတဲ့ လူ ၁ ယောက်ဆီက၊ ပိုင်ရှင်ဆီကနေမှ ဆက်ပြီးခေါ်ခိုင်းတဲ့ တယောက် ဖြစ်ပါတယ်။ အဲဒီအတွက် ၂ ဦးရဲ့ စစ်ဆေးချက်တွေကို ထိုင်းဘက်ကနေမှ စစ်ဆေးချက်ကို ကျနော်တို့ တရားဝင်ရလာမှ ကျန်တဲ့လူတယောက်ကိုလည်း ကွင်းဆက် ဆက်ဖော်ဖို့အတွက်ကို ကျနော်တို့ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဒီဖြစ်တဲ့အထဲမှာ ကျနော်တို့ လက်ရှိဖော်ထုတ်နိုင်တာကတော့ ထိုင်းနိုင်ငံသား ၃ ဦးပဲ ရှိပါတယ်။ ကျနော်တို့ နိုင်ငံသားတွေ အနေနဲ့ ပါဝင်ပတ်သက်တွေ လက်ရှိစစ်ဆေးချက်မှာ မတွေ့ရှိပါဘူး။ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုအားလုံးဟာ မြန်မာနိုင်ငံထဲကို ရောက်တဲ့အထိ ထိုင်းနိုင်ငံသားတွေကပဲ သယ်ဆောင်လာပြီးတော့ လက်ရှိ လူသတ်တရားခံ အမျိုးသမီး ၂ ဦးကို ဝှက်ထားတဲ့လူတွေ အကုန်လုံးကလည်း ထိုင်းနိုင်ငံသားတွေ ဖြစ်တယ်လို့ ကျနော်တို့ တွေ့ရှိရပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံထဲမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး တရားခံအမျိုးသမီး ၂ ဦးဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့အတွက် ဖမ်းဆီးရမိရေး နယ်ခြားကော်မတီကတဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က အကူအညီတောင်းခံခဲ့တာလို့ သိရပါတယ်။

ထိုင်းနိုင်ငံမီဒီယာတွေရဲ့ သတင်းဖော်ပြချက်အရ မူးယစ်ဆေးဝါးမှုနဲ့ဆက်စပ်ပြီး လူသတ်မှုဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ အမျိုးသမီး ၂ ဦးဟာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ထဲက KTV တခုမှာ အလုပ်လုပ်တာ ဖြစ်တယ်လို့ သိရပြီး ဒီနေ့အထိတော့ မဖမ်းမိသေးပါဘူး။

လူသတ်တရားခံ အမျိုးသမီး ၂ ဦးဟာ တာချီလိတ်မြို့အတွင်းရောက်ရှိပြီး ညပိုင်းမှာပဲ ထိုင်းနိုင်ငံသားတဦးက အပြင်ခေါ်ထွက်သွားခဲ့တာဖြစ်ပြီး ပြန်လည်ရောက်ရှိခြင်း မရှိသေးတာ ဖြစ်တယ်လို့ တာချီလိတ်ရဲခရိုင်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေ ပါဝင်ပါတ်သက်မှုမရှိဘဲ ထိုင်းနိုင်ငံသားတွေကသာ ပါဝင်ပတ်သတ်တာလို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးက သုံးသပ်ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ လူသတ်မှုဖြစ်ပွားတာဟာ မေလ ၂၃ ရက်နေ့မှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း မေလ ၂၅ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ နယ်ခြားကော်မတီက မေလ ၂၉ ရက်နေ့မှာ သတင်းအချက်အလက်ပေးပြီး ဖမ်းဆီးရမိရေး တာချီလိတ်ရဲတပ်ဖွဲ့ဆီကို အကူအညီတောင်းခဲ့တာလို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် "ဝါးနိဆာကင်ကျွန့်" ဆိုတဲ့ ထိုင်းအမျိုးသမီးကို သတ်ဖြတ်ခဲ့တဲ့ တရားခံ ၄ ဦးအနက် အမျိုးသားတဦးကို လာအိုနိုင်ငံအတွင်း ဖမ်းဆီးရမိပြီး အမျိုးသမီးတဦးကိုတော့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ပိယနွတ် နွန်းဝုန်းချိုင်းနဲ့ အသက် ၂၆ နှစ်အရွယ် ကဝိသား ရက်ချတာ တို့ဟာ တာချီလိတ်မြို့ကို တိမ်းရှောင်လာတာဖြစ်တယ်လို့ ထိုင်းနိုင်ငံ မီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း - ကိုဇက် (တာချီလိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013