
သာကေတမြို့နယ်က နေအိမ်တလုံးမှာ ဇွန် ၁ ရက်နေ့ မနက်ပိုင်းက ၂ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ရှုခင်းသာ မြို့ပတ်လမ်း၊ ၁၀ တောင် ၁၃ ရပ်ကွက်၊ မြရည်နန္ဒာအိမ်ရာ ခြံအမှတ် (၈)၊ ၄၂ ဘတ်စ်ကားဂိတ်ရှေ့က နေအိမ်တအိမ်မှာ အသက် ၄၃ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦးတို့ အသတ်ခံထားရတာပါ။
၁၀ တောင် ၁၃ ရပ်ကွက် ရာအိမ်မှူးက “မနက် ၉ နာရီလောက်မှာ သိရှိခဲ့ရပြီး အသတ်ခံရတဲ့ အမျိုးသားဟာ လူမျိုးခြားဖြစ်ပြီး အသက်ကတော့ ၄၃ နှစ်ဝန်းကျင်နဲ့ အိမ်ပေါ်မှာ လည်လှီးထားတဲ့ ဒဏ်ရာနဲ့သေဆုံးနေတာ” လို့ ဆိုပါတယ်။
“အဲ့ဒီနေအိမ်မှာ အိမ်အကူအဖြစ်လုပ်နေတဲ့ အမျိုးသမီးက မနက် အိမ်ကို အလုပ်လုပ်ဖို့ လာတဲ့ အချိန်မှာ စတင်တွေ့ခဲ့တဲ့အတွက် ရဲကို အကြောင်းကြားခဲ့တာ”လို့ အိမ်နီးနားချင်းတဦးက ပြောပါတယ်။
အမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က အိမ်အကူ၊ ခြံစောင့်နဲ့ ဒရိုက်ဘာတွေကို စစ်ဆေးနေဆဲဖြစ်ကြောင်း အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
အသတ်ခံထားရတဲ့ အမျိုးသားဟာ Victor အမည်ရှိ အိန္ဒိယနိုင်ငံသားဖြစ်ကြောင်း သိရပါတယ်။











