လေယာဉ်မယ်လက်အားကိုက်ပြီး လေယာဉ်ပေါ်မှ ခုန်ချခဲ့သည့် ကရင်အမျိုးသားကို ရုံးထုတ်
DVB
·
June 1, 2017

အမေရိကန်လေကြောင်းလိုင်း လေယာဉ်တစီးပေါ်မှာ လေယာဉ်မယ်တဦးရဲ့ လက်ကို ကိုက်ပြီး လေယာဉ်ပေါ်ကနေ ခုန်ချဖို့ ကြိုးစားခဲ့တဲ့ ဒုက္ခသည်ကရင် အမျိုးသားတဦးဟာ ဖမ်းဆီးခံခဲ့ရပြီးနောက် မေလ ၂၉ ရက်နေမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
သူဟာ လေယာဉ်အမှုထမ်းတွေကို ၀တ္တရားနှောင့်ယှက်မှုနဲ့ ပြစ်ဒဏ်ချခံရမှာ ဖြစ်ပြီး တရားရုံးအနေနဲ့ သူ့ကိုဆက်လက်စစ်ဆေးမှုတွေလုပ်နိုင်ဖို့ ကရင်ဘာသာစကား တတ်ကျွမ်းတဲ့ ဘာသာပြန်ပေးသူ မရနိုင်သေးတဲ့အတွက် လက်ရှိမှာတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရားရုံးမှတ်တမ်းတွေအရ သိရပါတယ်။
ဒီအဖြစ်အပျက်ဟာ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ချားလော့တ် ဒေါက်ဂလပ်စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်းမှာ မေ ၂၃ ရက်က ဖြစ်ခဲ့တာလို့ နယူးယော့ခ်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
လေယာဉ်ဟာ လေဆိပ်ဂိတ်ကနေ စတင်ထွက်ခွာစမှာ ထွန်းလုံစိန်အမည်ရတဲ့ အဆိုပါအမျိုးသားဟာ ထိုင်ခုံကနေထပြီး လေယာဉ်ရဲ့ အဓိက တံခါးမကြီးကို ဖွင့်ဖို့ ကြိုး စားခဲ့တဲ့အတွက် လေယာဉ်မယ်နဲ့ တခြားခရီးသည် ၂ ဦးက သူ့ကို ထိုင်ခုံဆီ ပြန်ပို့နိုင်ဖို့ ထိန်းချုပ်ခဲ့ရတာပါ။
ဒါပေမယ့် သူဟာ လေယာဉ်မယ်ရဲ့ လက်ကို ကိုက်ပြီးနောက်မှာ အတင်းထွက်ပြေးခဲ့ကာ လေယာဉ်စားသောက်ခန်းတံခါးကို တွန်းဖွင့်ဝင်ရောက်ခဲ့ပြီးနောက် လေယာဉ်ပြေးလမ်း ကတ္တရာလမ်းမပေါ်ခုန်ချခဲ့တာပါ။
လေဆိပ်တာဝန်ကျဝန်ထမ်းတွေဟာ သူ့ရဲ့ နောက်ကို ပြေးလိုက်ခဲ့ကြရပြီး လေ ဆိပ်ဆောင်အတွင်း ပြန်လည်ခေါ်ဆောင်ခဲ့ရကာ ကာရိုလိုင်းနားဆေးကုဌာနဆီပို့ဆောင် စစ်ဆေးခဲ့ပြီးနောက်မှာတော့ သူ့ကို ဖမ်းဆီးခဲ့တာပါ။
တရားရုံးစစ်ဆေးချက်တွေအရ သူဟာ အင်္ဂလိပ်စကားကို လုံးဝမပြောတတ်တာ၊ အနည်းငယ်သာပြောနိုင်တာလို့ ဖော်ပြပေမယ့် ဒီအဖြစ်အပျက်ဖြစ်ပွားချိန်မှာတော့ သူ ဟာ လေယာဉ်မယ်ရဲ့ ညွှန်ကြားပြောဆိုတာတွေကို နားလည်ခဲ့လိမ့်မယ်လို့ ဖော်ပြပါ တယ်။
ထွန်းလုံစိန်ဟာ နယူးဂျာဆီပြည်နယ်၊ နီးဝပ်ထ်ကနေ အပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်းတခုမှတဆင့် ချားလော့တ်လေဆိပ်ဆီ ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။