
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ အမျိုးသမီးသတင်းထောက် မော်ဦးမြာအား အလိုမတူဘဲ ခေါ်ဆောင်သွားသူ ၂ ဦးကို ဒီမောဆိုရဲစခန်းက အမှုဖွင့် ဖမ်းဆီးအရေးယူထားပါတယ်။
မော်ဦးမြာကို နှောင့်ယှက်ပြီး အလိုမတူဘဲ ကားပေါ်ခေါ်ဆောင်ခဲ့တဲ့ ဦးစိန်ဝင်းနဲ့ ကိုကောင်းစံတို့ကို ဒီမောဆိုရဲစခန်းက ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်လို့ ဒီမောဆိုရဲစခန်းမှူး ဒု-ရဲမှူးးတင်မောင်လင်းက ပြောပါတယ်။
“ပထမတုန်းကတော့ ကျနော်တို့က ယဉ်မဆင်မခြင်မောင်းနှင်မှု ၃၃၇-၃၃၈ နဲ့စွဲထားတယ်။ နောက်မှ သူတို့ဟိုဘက်က ကောင်မလေးရဲ့ မိသားစုအသိုင်းအ၀ိုင်းကနေပြီးတော့ တိုင်လို့ ကျနော်တို့က ၃၆၆၊ ၅၀၆၊ ၁၁၄ နဲ့ အမှုဖွင့်ပြီး လောလောဆယ်တော့ စစ်တုန်းဆေးတုန်း ပဲရှိသေးတယ်။”
ပုဒ်မ ၅၀၆ ကတော့ (ခြိမ်းမြောက်မှု)၊ ပုဒ်မ ၃၆၆ အတင်းအဓမ္မ အလိုမတူဘဲ သွေးဆောင်ဖြားယောင်းမှု၊ ပုဒ်မ ၁၁၄ ကတော့ ပူးပေါင်းပါဝင်မှုနဲ့ ယာဉ်မဆင်မခြင် မောင်းနှင်မှု စတဲ့အမှုတွေနဲ့ အမှုဖွင့်ဖမ်းဆီးထားတာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ လွိုင်ကော်မြို့နေ ဦးစိန်ဝင်း နဲ့ စောဝေသိန်း (ခေါ်) ကောင်းစံ (ခေါ်) ကိုကောင်း ဖြစ်တယ်လို့လည်း စခန်းမှူးက ပြောပါတယ်။
ကန္တာရဝတီတိုင်း(မ်) သတင်းထောက် မော်ဦးမြာဟာ လွန်ခဲ့တဲ့ မေ ၂၆ ရက်က ရုံးကနေ အိမ်ကို အဖော်တဦးနဲ့အတူ ဆိုင်ကယ်စီးပြန်သွားချိန်မှာ ဦးစိန်ဝင်းနဲ့ ကိုကောင်းစံဆိုသူက အနောက်ကနေ ကားနဲ့လိုက်ပြီး ခြိမ်းခြောက်ခေါ်ဆောင်ခဲ့တာလို့ ကန္တာရဝတီတိုင်း(မ်) လက်ထောက်အယ်ဒီတာ စိုးစိုးမြာက ပြောပါတယ်။
သူ့ကိုခေါ်ဆောင်သွားပြီး ၁ နာရီလောက်အကြာ ကားမတော်တဆဖြစ်ပြီး မော်ဦးမြာ ဒဏ်ရာရ သတိမေ့သွားတဲ့အတွက် ညတွင်းချင်း ဒီမော့ဆိုဆေးရုံကြီးမှ တဆင့် လွိုင်ကော်ဆေးရုံကို ပို့ဆောင်ကုသခဲ့ရပါတယ်။
မော်ဦးမြာရဲ့ လတ်တလော ကျန်းမာရေး အခြေအနေ တိုးတက်လာပေမယ့် အခုအချိန်ထိ စကားမပြောသေးဘူးလို့လည်း စိုးစိုးမြာက ပြောပါတယ်။
“သူလမ်းထလျှောက်နိုင်ပြီပေါ့နော်။ အဲဆိုတော့ တော်တော်လေးသက်သာတယ်လို့ ပြောရမှာပေါ့နော်။ နောက်ပြီး စကားပြောချင်လာပြီပေါ့ ဒါပေမယ့် အသံက မထွက်သေးဘူးပေါ့။ ပါးစပ်တွေတော့ ဟလာပြီလေ။ စကားတော့ မပြောနိုင်သေးဘူး။ ကောင်းကောင်းတော့ သတိရလာပါပြီ။ ”
ဒီလို အခင်းမဖြစ်ပွားခင် ၂ ပတ်လောက် အလိုမှာလည်း မော်ဦးမြာဟာ ခြိမ်းခြောက် ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။
ကန္တာရဝတီတိုင်း(မ်) သတင်းထောက် မော်ဦးမြာဟာ တစ်လ နှစ်ကြိမ် ထုတ်ဝေတဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းစာမှာ အချိန်ပြည့်ဝန်ထမ်း ဖြစ်တဲ့ အပြင် ဒီဗွီဘီ ရုပ်မြင်သံကြားက အပတ်စဉ် ထုတ်လွှင့်နေတဲ့ ကရင်နီဘာသာ တိုင်းရင်းသား ရုပ်သံအစီအစဉ်အတွက် ရုပ်သံသတင်းတွေ ရိုက်ကူးထုတ်လုပ်သူလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ကန္တာရဝတီတိုင်း(မ်)











