DVB Logo
Home
Lead Story
နာတာရှည်အမှောင်ညတွေအတွက် ကြယ်တွေ စုံနိုင်ကြစေ
DVB
·
May 31, 2017
နာတာရှည်အမှောင်ညတွေအတွက် ကြယ်တွေ စုံနိုင်ကြစေ
Donate to DVB

 

“အားလုံးမှာ အတိတ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ကျမတို့အားလုံးဟာ ဒီဒဏ်ရာဒဏ်ချက်တွေကို နောင်လာမယ့် မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းလိုခြင်း မရှိတော့ဘဲ ကုစားနိုင်မယ့် နည်းလမ်းကို ရှာဖွေမှု စတင်ခဲ့ပါပြီ။ ကွဲလွဲမှုတွေအကြားက တူညီမှုတွေ ရှာဖွေနိုင်ဖို့ဆိုတာ အမှန်တကယ်တော့ မလွယ်ကူလှပါဘူး။ ကျမတို့နိုင်ငံလို လက်နက်ကိုင်ပဋိပက္ခတွေ နှစ်ပေါင်း ၇၀ နီးပါး ကြာရှည်ခဲ့ပြီဖြစ်တဲ့ နိုင်ငံမှာ ပိုမိုပြီးခက်ခဲနေခဲ့တယ် ဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်” လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ၂၁ ရာစု ပင်လုံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ဒုတိယအစည်းအဝေး နောက်ဆုံးနေ့ ကျေးဇူးတင်စကား ပြောကြားရမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ် နောက်ပိုင်းကစပြီး လက်နက်ကိုင် ပဋိပက္ခနဲ့ ပြည်တွင်း မငြိမ်းချမ်းမှုတွေဟာ စတင်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေ အတူတကွ လက်မှတ်ထိုးထားတဲ့ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ ကတိကဝတ်တွေဟာ ဗိုလ်ချုပ် ကျဆုံးပြီးနောက်ပိုင်း ပျက်ပြားမှုတွေ ရှိခဲ့တာကြောင့် တိုင်းရင်းသားတွေဟာ လက်နက်ကိုင်တော်လှန်ရင်း ပြည်တွင်းစစ်မီးကြီး စတင်တောက်လောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စစ်မီးတွေကြောင့် တကယ့် လက်တွေ့မှာတော့ တိုင်းပြည်ကို အဆိုးဘက် တစိတ်တပိုင်း တွန်းပို့ခဲ့သလို တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ကြပါတယ်။

“တိုက်ပွဲတပွဲဖြစ်ပြီဆိုရင် အနည်းဆုံးတော့ လူမသေရင်တောင် ထိခိုက်ဒဏ်ရာတော့ ရကြတယ်။ နောက်ပြီး ကျည်ဆန်ဆိုတဲ့ စစ်လက်နက် အသုံးစရိတ် ဆုံးရှုံးတယ်။ တကယ်တော့ ကျနော်တို့တွေ မတိုက်ချင်ပါဘူး။ ငြိမ်းချမ်းစေချင်ပါတယ်” လို့ စစ်ဆင်ရေးတွေ ထွက်ဖူးတဲ့ တပ်မတော်အရာရှိတဦးက ဆိုပါတယ်။

စစ်ပွဲတွေကြောင့် လူသားအရင်းအမြစ်များနဲ့ တိုင်းပြည်တိုးတက်ရေးအတွက် အသုံးပြုရမယ့် တိုင်းပြည်ဘဏ္ဍာတွေလည်း ဆုံးရှုံးရတဲ့အတွက် အခြေခံ ပြည်သူပြည်သားတွေမှာတော့ အရာရာ နိမ့်ကျစွာနေရရင်း ညတွေဟာ မှောင်မိုက်လို့ နေခဲ့တာ နှစ်ပေါင်း ၇၀ ကျော်။

"ကျမတို့လက်ထက် စွန့်လွှတ်မှု စွန့်စားမှုတွေနဲ့ ချလိုက်တဲ့ အုတ်မြစ်အပေါ် နောင်လာမယ့် သားသမီး မြေး မြစ်တွေက ခိုင်မာတင့်တယ်သည့် နိုင်ငံကြီးကို ဆက်လက်တည်ဆောက် မွမ်းမံသွားကြနိုင်စေချင်ပါတယ်။ ဒီညီလာခံကြီးထဲကို မရောက်ရှိကြသေးတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကိုလည်း ကျမတို့နဲ့အတူတကွ လက်တွဲပူးပေါင်းပြီး သမိုင်းတွင်ကျန်ရစ်မယ့် လုပ်ငန်းအတွင်းမှာ ပါဝင်ကြဖို့ အလေးအနက် ဖိတ်ခေါ်ပါကြောင်း ပြောကြားလိုပါတယ်" လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စားပွဲပေါ်မှာ ငြိမ်းချမ်းရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ ဆွေးနွေးနေကြပါတယ်။ အထူးသဖြင့် မေ ၂၄ ကနေ ၂၉ အထိ တရက်တိုးလို့ ခြောက်ရက်ကြာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ၊ ဒုတိယအစည်းအဝေးမှာဆိုရင် ပြည်ထောင်စုသဘောတူစာချုပ်ထဲ ထည့်မယ့် အစိတ်အပိုင်းတချို့ စုစုပေါင်း ၃၇ ချက်ကို သဘောတူညီရယူနိုင်ပြီး စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမယ့် အောက်ဘက် မြေပြင်အနေအထားမှာတော့ တိုက်ပွဲတွေ၊ နှစ်ဖက်တပ်တွေကြား ရင်ဆိုင်မှုတွေက ရှိနေဆဲပါ။

လူသားတွေ နေထိုင်ရာ ကမ္ဘာမှာ ကမ္ဘာကြီး တိုးတက်ပြောင်းလဲအောင်အထိ စွမ်းဆောင်နိုင်စွမ်းရှိတဲ့ တန်ဖိုးကြီးတဲ့ မြန်မာ့လူသားအရင်းအမြစ်တွေဟာ လက်နက်တွေ၊ ဗုံးဆန်တွေကြား အသက်ဆုံးရှုံးနေရမယ်ဆိုရင် အဓိပ္ဗာယ်မရှိတာကြောင့် ငြိမ်းချမ်းရေးရဖို့ အပစ်အခတ်ရပ်စဲဖို့ အမှန်တကယ် လိုအပ်နေပြန်ပါတယ်။ ၂၀၁၆ ခုနှစ် တနှစ်တာထဲမှာတင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်အနေနဲ့ တိုက်ပွဲပေါင်း ၅၀၀ ရာကျော် ဖြစ်ပွားခဲ့ရပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသမှာ ပြီးခဲ့တဲ့လကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း အသက်ပေါင်းများစွာ သေဆုံးခဲ့ရလို့ ပျက်စီးမှုများစွာလည်း ရှိခဲ့ပါတယ်။

တိုက်ပွဲတွေဖြစ်၊ စစ်တွေ တိုက်နေကြလို့ အပြစ်မဲ့ပြည်သူတွေ အပါအဝင် နှစ်ဖက်တပ်တွေရဲ့ အကျအဆုံးတွေလည်း ဒုနဲ့ဒေးပါ။ ဒါဟာ တိုင်းပြည်ရဲ့ လူသား အရင်းအမြစ်တွေကို ဖြုန်းတီးနေခြင်းပါပဲ။ စစ်ကို ဘာကြောင့် တိုက်နေကြတာလဲ၊ သူတို့ ရင်တွင်းမှာတော့ ဘယ်လိုတွေ ခံစားနေရကြရပါသလဲ။

“နောက်တန်းမှာ နေတုန်းက သေမှာမကြောက်ဘူးဆိုတဲ့ စကားတွေက ရှေ့တန်း စစ်မြေပြင်ရောက်တော့ ချွေးသီးချွေးပေါက်တွေနဲ့ပဲ။ စစ်ကြောင်းတခု သွားရင်း ဝုန်းခနဲ မိုင်းကွဲတာနဲ့ကြုံတော့ လမ်းလျှောက်နေတဲ့ တပ်ဖွဲ့တွေ ခြေလှမ်းတောင် မရွှေ့ရဲတော့ဘူး။ နောက်ထပ်မိုင်းများ ကျန်နေမလားဆိုတဲ့ အတွေးနဲ့ သေမှာကို ကြောက်ကြရတာချည်းပဲ။ ဒါကြောင့် ကျနော်တို့ ဖြစ်နိုင်ရင် စစ်ဆိုတာကို မတိုက်ချင်ကြပါဘူး။ ရှေ့တန်းထွက်ပြီဆိုရင် နောက်တန်းမှာ ကျန်ခဲ့တဲ့ မိသားစုတွေနဲ့ ပြန်များတွေ့ရပါ့မလား ဆိုတဲ့အတွေးကလည်း ကျနော်တို့မှာ ရှိတာပဲ။ ကျနော်တို့လည်း လူသားထဲက လူတဦးပါပဲ” လို့ အခြားတပ်မတော်အရာရှိတဦးကလည်း ဆိုပါတယ်။

“အားလုံး ငြိမ်းချမ်းသွားရင်တော့ ပိုကောင်းတာပေါ့။ ကျနော်တို့က စစ်တိုက်နေရတဲ့သူတွေပဲ၊ သိတာပေါ့။ စစ်မဖြစ်ချင်ဆုံးထဲမှာ ကျနော်တို့ တပ်မတော်သားတွေကတော့ စစ်မဖြစ်ချင်ဆုံးပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင် ရှေ့တန်းမှာ နေခဲ့ရတယ်။ ရှေ့တန်းမှာ သေကျေပျက်စီးခဲ့ရတာ ကျနော်တို့ကိုယ်တိုင် မြင်ခဲ့ရတယ်။ အားလုံး နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ သေကျေမှုကတော့ အားလုံးခြုံလိုက်ရင် တိုင်းရင်းသားအားလုံးရဲ့ သေကျေပျက်စီးမှုပါပဲ” လို့ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်လာတဲ့ တပ်မတော်သား အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုးဝင်းနိုင်က ပြောပါတယ်။

လက်နက်ကိုင် တိုက်ခိုက်နေသူတွေရဲ့ သေကျေပျက်စီးမှုအပြင် လက်နက်မဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်နဲ့ လူမှုပတ်ဝန်းကျင်ကိုပါ ထိပါးနေတဲ့ သက်ဆိုးရှည်လှတဲ့ အမှောင်ညတွေ၊ နှစ်ပေါင်း ၇၀ ကျော်ကြာ စစ်ပွဲတွေအတွက် ရပ်တန့်ဖို့ နိုင်ငံ့တာဝန်ရှိသူတွေ ကြိုးစားနေကြပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က စခဲ့တဲ့ ရခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပေါ်ကနေ ဆက်လက်ကျင်းပနေတဲ့ အင်န်အယ်ဒီအစိုးရရဲ့ ၂၁ ရာစု ပင်လုံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးတွေလည်း အခုဆိုရင် ဒုတိယအစည်းအဝေးတောင် မေ ၂၉ က ပြီးသွားခဲ့ပါပြီ။ ဒီညီလာခံ အစည်းအဝေးတွေဟာ NCA ပေါ်မှာ အခြေတည် ကျင်းပတာဖြစ်လို့ မျက်မှောက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်မပါနိုင်သေးသူတွေ၊ ပါဖို့ အဆင်မပြေသေးသူတွေ ရှိနေကြပါတယ်။

“ခုလုပ်နေတာက ၂၁ ရာစု ပင်လုံ နေပြည်တော်မှာပဲ ခမ်းနား ကြီးကြီးကျယ်ကျယ် လုပ်တာမကဘဲနဲ့ တကယ့်မြေပြင်မှာလည်း ရပ်တန့်ဖို့ လိုအပ်တယ်။ အခု ကျနော်တို့ ပြည်မထိ သွားတိုက်ခိုက်တာ မဟုတ်ဘူး။ ကျနော်တို့ လုံခြုံတဲ့ တောထဲမှာပဲ နေတာပါ” လို့ NCA မထိုးသေးတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) တားပန်လက ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးမှာ ညီလာခံ ကျင်းပနေတာနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။

“NCA ထိုးတာ မထိုးတာနဲ့ ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ ပြေလည်အောင် ညှိနှိုင်းပြီး တရားဝင်တဲ့ အစည်းအဝေးတခုလုပ်ရင် ပိုကောင်းမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုအဖွဲ့ချန် ဒီအဖွဲ့ချန် ဆိုလို့ရှိရင် စစ်မှန်တဲ့ ငြိမ်းရေးရမှာ မဟုတ်လူးလို့ ကျနော် မြင်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာခေါင်းဆောင်တွေ သေချာညှိနှိုင်းပြီး ဘောင်ဝင်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို ဆောင်ရွက်သွားရင် အဆင်ပြေမယ်လို့ မြင်ပါတယ်” ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ မြောက်ပိုင်းအဖွဲ့လို့ အများသိတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ ဦးဆောင်သူ “၀”ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဆမ်ဆောင်းကားကဆို ပါတယ်။

အခုဆို ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အကြား ၈ လ ကာလခြားပြီး ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးတွေကို ကျင်းပခဲ့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါ အချက်အလက်တွေအပေါ် သဘောထား ကွဲလွဲနေတာကြောင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ ၄ ဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ (NDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိသေးတာတွေ ရှိနေပါတယ်။

ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကြား သဘောတူညီချက်တွေ မရသေးလေ လက်နက်မဲ့ ပြည်သူတွေအတွက်တော့ စစ်ဖြစ်ရာ ပဋိပက္ခဒေသတွေမှာ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ လူသားရပိုင်ခွင့်နဲ့ ငြိမ်းချမ်းစွာ အသက်ရှင်ရပ်တည်ခွင့်တွေ နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခံနေရပြီး အသက်ငယ်ရွယ်သေးတဲ့ ကလေးငယ်ပေါင်း နှစ်သန်းကျော်အတွက်လည်း အကူအညီ များစွာ လိုအပ်နေပါတယ်။ လက်ရှိမှာ မြန်မာ့တပ်မတော်၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီတို့ မကြာခဏ ထိတွေ့မှုကြောင့် ရှမ်းပြည်နယ်မြောက်ပို်င်း၊ ကျောက်မဲမြို့ အနီးတဝိုက် ဒေသတွေက လက်နက်မဲ့ပြည်သူတွေအတွက် အလုပ်အကိုင်နဲ့ ပညာရေး အခက်အခဲတွေ များစွာ ဖြစ်နေပါတယ်။ နေရပ်စွန့်ခွာ စစ်ရှောင်သူ ၂၀၀ ကျော်လည်း ကျောက်မဲမြို့ပေါ်ကို ရောက်ရှိပြီး အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

အပေါ်မှာ ဆွေးနွေးညှိနှိုင်း၊ အောက်မှာ တိုက်ပွဲတွေ ဖြစ်နေကြမယ်ဆိုရင် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အောင်မြင်မှာ မဟုတ်ပါဘူး၊ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးမှာ ဆိုရင်လည်း သဘောတူညီချက်တွေရဖို့ အကြိတ်အနယ် ညှိနှိုင်းဆောင်ရွက်ရတာပါ။ သဘောတူညီချက်တွေဟာ လွယ်လွယ်ကူကူနဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး။ ဒါကိုလည်း တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့ အဖွဲ့အစည်းတွေက နားလည်သဘောပေါက်ကြပုံ ပေါ်ပါတယ်။

“ကျနော်တို့အားလုံး လိုလားတောင့်တတဲ့ လိုလားချက်တွေ ရဖို့အတွက် ဒီညီလာခံကနေပြီး ချက်ချင်းတော့ အဖြေမထွက်နိုင်သေးပါဘူး။ ရလဒ်ကောင်းတခု ရဖို့ဆိုရင် အချိန်တော့ ယူရလိမ့်မယ်။ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်လာမှ အဆင်ပြေမယ်။ အဲ့လိုမှမဟုတ်ရင် ပြီးဆုံးမှာ မဟုတ်ပါဘူး။ အဲ့ဒါဟာ အဓိကအချက်ပါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တဆင့်ပြီးတဆင့် သွားရလိမ့်မယ်။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာစိုင်းကျော်ဦးက ဆိုပါတယ်။

မငြိမ်းချမ်းသေးတဲ့၊ တိုက်ပွဲတွေ ဖြစ်နေသေးတဲ့ စစ်ပြေးစစ်ရှောင်တွေ ရှိနေသေးတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ဒုက္ခများနေဆဲ မြန်မာပြည်ကြီးဟာ အမှောင်ညတွေ၊ ညည်းညူသံတွေနဲ့ နာတာရှည်ညတွေကို ဖြတ်သန်းခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ အဲဒီအတွက် ငြိမ်းချမ်းရေးဟာ အထူးကို လိုအပ်နေတဲ့ မြန်မာပြည်အမှောင်ခန်းထဲက ပဘာဝတီပါ။ နာတာရှည် အမှောင်ညတွေအတွက် ကြယ်တွေ စုံစေချင်ပါပြီ၊ ပြည်သူတွေဟာ အမှောင်ညတွေထဲကနေ လွတ်မြောက်ဖို့ အချိန်တန်ပါပြီ။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲက အဓိကဦးဆောင်သူတွေ ဖြစ်တဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ပဘာဝတီလား၊ ကြယ်တွေလား၊ အချိန်မဆိုင်းဘဲ စုံစုံစေ့စေ့ လင်းလက်သင့်ကြပြီ။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013