DVB Logo
Home
မြန်မာသတင်း
အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆက်လက်ပါဝင်သွားမည်ဟု ကေအန်ယူ ကြေညာ
DVB
·
May 30, 2017
အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆက်လက်ပါဝင်သွားမည်ဟု ကေအန်ယူ ကြေညာ
1 / 3
Donate to DVB

 

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွေမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးရည်မှန်းချက် အောင်မြင်တဲ့အထိ ပါဝင်ဆွေးနွေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးအပြီး အခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး အစည်းအဝေးအတွင်းမှာ ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဆွေးနွေးပွဲမှာ  ရလဒ်တချို့ ထွက်ပေါ်လာနိုင်တာဟာ အနာဂတ်အတွက် ကောင်းမွန်ပြီး အဓိပ္ပာယ်ပြည်စုံတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စဉ်ဆက်မပြတ်ဖြစ်ထွန်းပေါ်ပေါက်စေမယ့် ဖက်ဒရယ်ဆိုင်ရာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အဖြစ် ရှုမြင်တယ်လို့လည်း ကေအန်ယူက ဆိုပါတယ်။

ဒါပေမယ့် တိုင်းရင်းသားတွေအဓိက ရည်မှန်းထားတဲ့ ဖက်ဒရယ်စနစ်အတွက် အရေးပါတဲ့ ပြည်ထောင်စုတွင်း ပြည်နယ်တွေရဲ့ အရေးပါမှု၊၊ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား အာဏာခွဲပိုင်းခြားထားမှု၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ပူးတွဲအကောင်အထည်ဖော်တာ စတဲ့အရေးကြီး အချက်အလက်တွေ ဆွေးနွေးဖို့ ကျန်ရှိနေသေးတယ်လို့ ကေအန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို နေပြည်တော်မှာ မေ ၂၄ ရက်ကနေ ၂၉ ရက်ထိကျင်းပခဲ့ပြီး မူဝါဒသဘောတူညီချက်ပေါင်း ၃၇ ချက်ပါ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းကို ကေအန်ယူပါအ၀င် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လက်မှတ်ရေးထိုးခဲ့တာပါ။

ပဋိပက္ခတွေကို စားပွဲဝိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးခွင့်ရခဲ့တာ တိုးတက်မှုလို့ မြင်တဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေးရကို ရရမယ်လို့ ယုံကြည်တဲ့အကြောင်း ဆွေးနွေးပွဲတက်ရောက်လာတဲ့ ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က နိုင်ငံပိုင် မီဒီယာကိုပြောပါတယ်။

“မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခွင့်ရတာကိုက တိုးတက်မှုလို့ ကျနော်တို့က ခံယူထားတယ်။ သဘောကွဲလွဲတာက သဘောကွဲလွဲတဲ့အလျောက်၊ သဘောတူညီတာလည်း သဘောတူညီတဲ့အလျောက် တွေ့ဆုံဆွေးနွေးခွင့်ရတာကိုက ကောင်းမွန်တဲ့ရလဒ်တခုဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့တိုင်းပြည်ဟာ ပဋိပက္ခဖြစ်ခဲ့တဲ့ တိုင်းပြည် ဖြစ်တာကြောင့်ပါ။ ဒီလို ပဋိပက္ခဖြစ်ခဲ့တဲ့ အင်အားစုတွေက စားပွဲဝိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေးနဲ့ တဦးနဲ့တဦးအပြန်အလှန် နားလည်မှု၊ လေးစားမှုနဲ့ တန်းတူရည်တူရှိမှုနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြတယ်။ အဲဒါဟာ အင်မတန်ကောင်းမွန်တဲ့ အခြေ အနေတခုဖြစ်ပါတယ်။ ကျနော်တို့ ယုံကြည်တာကတော့ ဆွေးနွေးဖြေရှင်းခွင့်ရမယ်ဆိုတာက ငြိမ်းချမ်းရေးက တနေ့မှာ ရမယ်ဆိုတာ ယုံကြည်မှုရှိပါတယ်။ ကျနော်တို့က တရားဝင်တွေ့ဆုံဆွေးနွေးခွင့်တွေ ရနေပါပြီ။ ညီလာခံမှာ ကျနော်တို့ အခုလိုတွေ့ဆုံမယ်။ မီဒီယာတွေကလည်း ဝေဖန်အကြံပြုမယ်၊ ထောက်ပြမယ်၊ အဲလိုဆိုရင် ငြိမ်းချမ်းရေးက ရကိုရ မယ်လို့ ကျနော်က ယုံကြည်ပါတယ်။”

ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုကတော့ ရလဒ်ရရေး ဦးတည်တဲ့ ဆွေးနွေးမှုဟာ တင်းကျပ်တဲ့ အချိန်အကန့်အသတ်မှု ဘောင်အတွင်းမှာ သက်ဆိုင်ပါဝင်သူတွေ အားလုံး လှောင်ပိတ်မိနေသလို ဖြစ်နေတယ်လို့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ  ပြောဆိုခဲ့ပါတယ်။

ကေအန်ယူအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးမှုအခြေအနေ၊ သဘာတူထားတဲ့အချက်တွေနဲ့ ဆက်လက်ဆွေးနွေးရမယ့် အချက်အလက်တွေနဲ့ ပတ်သက်လို့ ကရင်လူမှုအဖွဲ့အစည်းတွေအကြား ရှင်းလင်းမှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013