DVB Logo
Home
မြန်မာသတင်း
အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်သစ် သဘောတူညီချက်ရရှိ
DVB
·
May 30, 2017
Donate to DVB

၁ နှစ်ကျော် အချိန်ယူ ဆွေးနွေးခဲ့ရတဲ့ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) အသစ်ကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက် ရရှိသွားပြီ ဖြစ်ပါတယ်။

မေလ နောက်ဆုံးပတ်က ရန်ကုန်မြို့မှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီ ခဲ့တာပါ။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနော်အောင်က “ဝန်ကြီးဌာန ပါတယ်။ အလုပ်ရှင် ဘက်က UMFCCI (ကုန်သည်/စက်မှုအသင်းချုပ်)က ကိုယ်စားလှယ်အဖွဲ့ ပါတယ်။ အလုပ်သမား အဖွဲ့ချုပ်တွေ ပါတယ်။ လုပ်ငန်းစဉ်အရ ဝန်ကြီးဌာနက အခုသဘောတူထားတာကို ပြန်စိစစ်မယ်။ ပြီးရင် အလုပ်ရှင် အလုပ်သမားကိုယ်စားလှယ်တွေကို ပြန်ချပြမယ်။ ပြီးရင် ထုတ်ပြန်ပါမယ်”လို့ ပြောပါတယ်။

EC စာချုပ်အသစ်ဟာ အရင် စာချုပ်နဲ့ ကွဲပြားမှုတွေရှိပြီး အလုပ်သမားတွေကို အကာအကွယ် ပေးနိုင်မယ့် အချက်တွေ ပါဝင်မယ်လို့ သိရပါတယ်။ 

“ဥပမာ အရင်စာချုပ်တွေမှာက စာချုပ်ပါအချက်တွေကို အလုပ်သမားကဖောက်ဖျက်ရင် ၃ ကြိမ်ဆို အလုပ်ထုတ်လို့ပါတယ်။ အခုက ၄ ကြိမ်ထိ ထည့်ထားတယ်။ ပြီးတော့ တကြိမ် သတိပေးခံရတဲ့ အလုပ်သမားဟာ တစ်နှစ်အတွင်း ဘာပြစ်မှုမှ ထပ်မလုပ်ရင် တကြိမ်ကို ပယ်ဖျက်ပေးရမယ်။ အရင်ဖြစ်ခဲ့တဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေမှာ အလုပ်ရှင်တွေက အရင်တစ်နှစ် နှစ်နှစ် က ပြစ်မှု သတိပေးခံရတာတွေကို ထပ်ပေါင်းပြီး အလုပ်ထုတ်ခဲ့တာတွေ ရှိတယ်။ နောက် စာချုပ်သက်တမ်း။ စာချုပ်သက်တမ်းကို အလုပ်သမားက စည်းကမ်းဖောက်ဖျက်မှုမရှိရင် ဒီစာချုပ်ကို ဆက်အတည်ပြုရမည်ဆိုတဲ့ အချက်ပါတယ်။ စာချုပ်သက်တမ်းရှည်အောင် ထည့်သွင်း ထားတာပေါ့”လို့ ဦးနော်အောင်က ပြောပါတယ်။

EC စာချုပ်ကို ဝန်ကြီးဌာနက ၂၀၁၅ စက်တင်ဘာကတည်းက ထုတ်ပြန်ထားပေမယ့် စာချုပ်ပါ အချက်အလက်တွေကြောင့် အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်စလုံးက စာချုပ်ချုပ်ဆိုတာ နည်းပါးခဲ့ပါတယ်။

အဲ့ဒီ့အတွက် စာချုပ်ပုံစံအသစ် ပြောင်းလဲ အသုံးပြုဖို့ ၂၀၁၆ နှစ်ဆန်းကတည်းက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013