DVB Logo
Home
မြန်မာသတင်း
ကာရာအိုကေမှ မိန်းကလေးအား အပိုင်းပိုင်းဖြတ် သတ်မှုသံသယရှိ ထိုင်းအမျိုးသမီး ၂ ဦး မြန်မာဘက် ထွက်ပြေး
DVB
·
May 30, 2017
ကာရာအိုကေမှ မိန်းကလေးအား အပိုင်းပိုင်းဖြတ် သတ်မှုသံသယရှိ ထိုင်းအမျိုးသမီး ၂ ဦး မြန်မာဘက် ထွက်ပြေး
Donate to DVB

 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခွန်ကဲင်ခရိုင် ခေါင်ဆွန်ကဝမ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အပတ်က ကာရာအိုကေဆိုင်မှ မိန်းကလေးတဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သံသယရှိသူ အမျိုးသမီး ၂ ဦး မြန်မာဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ထိုင်းရဲက ပြောပါတယ်။

အသတ်ခံရမှုနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က သံသယအရှိဆုံး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကို ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပြီး အဲဒီထဲက အမျိုးသမီး ၂ ဦးဟာ မြန်မာဘက်ခြမ်း တာချီလိတ်မြို့ကို ထွက်ပြေး တိမ်းရှောင်သွားတယ်လို့  တာဝန်ကျ ထိုင်းရဲအရာရှိတွေရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။

အဆိုပါ အမျိုးသမီး ၂ ဦးမှာ ကဝိတာ (၂၅ နှစ်)နဲ့ ပရီယာနုတ် (၂၄ နှစ်)တို့ဖြစ်ကြပြီး မယ်ဆိုင်ရှိ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်မှတ်တမ်းတွေအရ သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က နယ်စပ်ဖြတ်လက်မှတ်နဲ့ တာချီလိတ်ဘက်ကို ကူးသွားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးဟာ  ထိုင်းနယ်စပ်နဲ့ ၆ ကီလိုမီတာအကွာရှိ Star Trek Karaoke ကာရာအိုကေဆိုင်မှာ တည်းခိုနေကြောင်း မျက်မြင်တွေက ပြောတဲ့အတွက် သူတို့ကို ကူညီဖမ်းဆီးပေးဖို့ ထိုင်းရဲတပ်ဖွဲ့က ထိုင်း-မြန်မာနယ်ခြားကော်မတီအဖွဲ့ (TBC) ကို မေ ၂၉ ရက်နေ့က အကြောင်းကြားခဲ့ပါတယ်။

ကမ်းလှမ်းချက်ရရချင်း တာချီလိတ်ရဲတပ်ဖွဲ့ဘက်က အဆိုပါ ကာရာအိုကေဆိုင်ကို သွားရောက်ရှာဖွေရာမှာ ရဲတွေမရောက်ခင် နာရီပိုင်းလောက်ကပဲ ထိုင်းအမျိုးသားတဦးက ကားနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့  ဆိုင်ဝန်ထမ်းတွေက ပြောပါတယ်။

အသတ်ခံရသူမှာ အသက် ၂၂ နှစ်ရွယ်ရှိ နောင့်အဲမ်း (ခေါ်)  ဝါရိဆလာ ကလင်ကျွိ ဖြစ်ပြီး  ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ်ကာ မီးရှို့မြေမြှုပ်ခံထားရတဲ့ သူ့အလောင်းကို မေ ၂၅ ရက်နေ့က  ခွန်ကဲင်ခရိုင် ခေါင်ဆွန်ကဝမ်မြို့နယ်ရှိ တောစပ်တနေရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၂၃ ရက်နေ့ကတည်းက ပျောက်ဆုံးနေပြီး အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က သူ့ကို နောက်ဆုံးလာခေါ်သွားတဲ့ ကားနောက်ကိုရော စီစီတီဗွီကင်မရာမှ ပြန်စစ်သလို၊ သူနဲ့အနီးစပ်ဆုံး ရည်းစားနဲ့ အပေါင်းအသင်းတွေရဲ့ စစ်ဆေးမေးမြန်းချက်၊ သူတို့ကိုယ်ပိုင် လူမှုကွန်ရက်ပေါ် ပြောဆိုနေတဲ့ စကားလုံးတွေ၊ ဓာတ်ပုံတွေကို ဆက်စပ်သုံးသပ်ကာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကို ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

အဆိုပါ ၄ ဦးအနက် လာအိုနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်သူ အသက် ၂၂ နှစ်ရွယ် နိုင်းဝဆင် ဆိုသူ အမျိုးသားကတော့ မေလ ၂၉ ရက်နေ့မှာ ဥဒွန်းဌာနီရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။

ဖမ်းဝရမ်းထုတ်ခံရပြီးတဲ့နောက် သူ့ကိုရဲတွေက အသေပစ်ခတ်ဖမ်းဆီးမှာကို စိုးရိမ်လို့ လာရောက်အဖမ်းခံတာဖြစ်ကြောင်း၊ သေဆုံးသူနဲ့ သူတို့မှာ လုပ်ဖော်ကိုင်ဘက်တွေဖြစ်ပေမယ့်  သေသူက သူတို့ ၄ ဦးဟာ  မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့တဲ့ အတွက် စိတ်ဆိုးပြီး လူသတ်မှုကျူးလွန်ခဲ့တာလို့ ၀န်ခံသွားပါတယ်။

နောက်ထပ် အသက် ၂၁ နှစ်ရွယ် ကျီဒါရတ်ဆိုသူ မိန်းကလေးကတော့  ကမ္ဘောဒီးယား နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိထားပြီး သူ့ကိုလည်း မကြာခင်ဖမ်းဆီး ရမိလိမ့်မယ်မျှော်လင့်ကြောင်း ရဲအရာရှိတဦးက  ပြောသွားပါတယ်။

ဓာတ်ပုံ - khaosod.co.th

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013