DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်း သစ်တောကြိုးဝိုင်းအတွင်း မြေယာကိစ္စ ခိုက်ရန်ဖြစ်ပွား၊ ၁၈ ဦးကို ဖမ်းဆီး
DVB
·
May 30, 2017
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တောင်ကြီးကုန်း သစ်တောကြိုးဝိုင်းမြေမှာ နှစ် ၃၀ အစုအဖွဲ့ပိုင် လျှောက်ထားသူတွေနဲ့ ဘိုးဘွားတွေက တောခုတ်ရှင်းလင်းခဲ့လို့ မြေယာလုပ်လို သူတွေ အငြင်းပွားကာ အုပ်စုလိုက် တုတ်၊ ဓားတွေနဲ့ ခိုက်ရန်ဖြစ်ပွားလို့ ၅ ဦး ဒဏ်ရာရခဲ့ပြီး ပါဝင်သူ ၁၈ ဦးကို မေ ၂၉ ရက်က ဖမ်းဆီးလိုက်တယ်လို့ ရဲက ပြောပါတယ်။

ဂုဏ်ရွာနေ ကိုကျော်မိုးက “ဧပြီလမှာ အုပ်စုလိုက် အငြင်းပွားလို့ နှစ်ဖက်လုံး ဒီမြေကို ဘယ်သူမှ မလုပ်ရဘူးလို့ သစ်တောဦးစီးနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ လာပြီး တားမြစ်ကြတယ်။ အဲတုန်းကတော့ ပါးစပ်နဲ့ ဖြစ်ကြတယ်။ အခုကတော့ တုတ်တွေ၊ ဓားတွေ၊ လေးခွတွေနဲ့ ဖြစ်ကုန်ကြတယ်”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ကိုကိုက “တဖက်က ဦးညွန့်သောင်းနဲ့ ကိုကျော်နိုင်ဝင်း ဒဏ်ရာရတယ် မစိုးရိမ်ရဘူး။ နောက်ထပ် တဖက်က ကိုခင်မောင်မြင့်နဲ့ ကိုမောင်ဝင်း၊ ကိုနိုင်မင်းတို့ ဒဏ်ရာရတယ်။ ဝမ်းတွင်းဆေးရုံကနေ မန္တလေးဆေးရုံ ပြောင်းတယ်။ မစိုးရိမ်ရပါဘူး။ ဖြစ်တာကတော့ မေ ၁၉ ရက်ည ၁၂ နာရီမှာ ဖြစ်ခဲ့တယ်။ နေ့မှ ဖမ်းဆီးအရေးယူပါတယ်" လို့ ပြောပါတယ်။

သစ်တောဦးစီးမှူးကို အဲဒီမြေရဲ့လုပ်ပိုင်ခွင့် ဘယ်သူတွေ အမည်ပေါက်ရသလဲ ဖုန်းဆက်မေးတော့ ဖြေကြားခြင်း မရှိခဲ့ပါ။

တောင်ကြီးကုန်း သစ်တောကြိုးဝိုင်းနားနေသူ ကိုဆန်းဝင်းက "ဒီမြေယာကို သူပိုင် ငါပိုင် အရင်လကတည်းက အငြင်းပွားနေတာ၊ သက်ဆိုင်ရာတွေက အမှိုက်ကအစ ပြဿနာမီးမလောင်အောင် လုပ်သင့်တယ် ထင်တယ်" လို့ ပြောပါတယ်။

တရားလို ဦးညွန့်သောင်းက ဦးခင်မောင်မြင့်ပါ ၁၀ ဦးကို အမှု အမှတ်(ပ)၁၁၀/၂၀၁၇ နဲ့ ရာဇဝတ်မကင်းသော ပိုင်နက်ကျူးကျော်မှု ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ပြတ်ရှသောလက်နက်နဲ့ ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၆၊ မီးရှို့မှု ရာဇသတ်ကြီးပုဒ်မ ၄၃၆ တို့နဲ့ မေလ ၁၉ ရက်နေ့က အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

တရားလိုဦးနိုင်မင်းက ဦးညွန့်သောင်းပါ ၈ ဦးအဖွဲ့ကို အမှုအမှတ် ၁၁၆/၂၀၁၇ နဲ့ ဆဲဆိုမှု ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ တုံးသောလက်နက်နဲ့ သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၃၊ ပြတ်ရှသောလက်နက်နဲ့ ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၆၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၁၁၄ တို့ဖြင့် မေလ ၂၆ ရက်မှာ အမှုဖွင့်ပါတယ်။ မေလ ၂၉ ရက်မှာ ဖြစ်စဉ်ပါတရားခံများကို ဖမ်းဆီးခဲ့ပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013