DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအိပ်မက် ကောက်ကြောင်းများ စတင်ရေးဆွဲနိုင်ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
May 29, 2017
ငြိမ်းချမ်းရေးအိပ်မက် ကောက်ကြောင်းများ စတင်ရေးဆွဲနိုင်ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

 

၂၁ရာစုပင်လုံညီလာခံမှာ သဘောထားကွဲလွဲမှုတွေ အမျိုးမျိုးရှိခဲ့ကြပေမယ့် ဘုံသဘောထားအမြင်တွေ ဖြစ်လာအောင် ဆွေးနွေးငြင်းခုန် ညှိနှိုင်းနိုင်ခဲ့ကြပြီး ပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင်ရေးဆွဲနိုင်ခဲ့ပြီလို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာ စုပင်လုံ၊ ဒုတိယအစည်းအဝေးအပြီးမှာ ညီလာခံ တက်ရောက်လာသူတွေကို ဒေါ်အောင်ဆန်းစုကြည်က  ကျေးဇူးတင်စကားပြောရာမှာထည့်သွင်းပြောသွားတာပါ။

“သဘောထားကွဲလွဲမှုတွေ၊ ရှုမြင်ချက်ကွာခြားမှုတွေ အမျိုးမျိုးရှိခဲ့ကြ ပေမယ့်လည်း ဘုံတူညီတဲ့သဘောထားအမြင်တွေ ဖြစ်လာအောင် ဆွေးနွေးငြင်းခုန် ညှိနှိုင်းနိုင်ခဲ့ကြတာဟာ အင်မတန်မှ အားတက်ဖွယ်ရာ ကောင်းလှပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အနာဂတ် မျိုးဆက်သစ်တွေအတွက် အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံအုတ်မြစ် တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကို စတင်နိုင်ခဲ့တာဖြစ်တဲ့အတွက်လည်း ဂုဏ်ယူဖွယ်ရာ ကောင်းလှ ပါတယ်။ တိုင်းရင်းသား ပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင်ရေးဆွဲနိုင်ခဲ့ပါပြီလို့ ပြောနိုင်ပါတယ်။”

၂၁ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးရဲ့ သဘောတူညီချက်တွေကို ပြည်ထောင်စု သဘောတူစာချုပ်(Union Accord)ရဲ့ အစိတ်အပိုင်းအဖြစ် ညီလာခံ တက်ရောက်လာကြတဲ့ အစုအဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

ခုလို လက်မှတ်ထိုးနိုင်ခဲ့တာဟာ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ကျွန်မတို့အားလုံးမှာ အတိတ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ကျွန်မတို့အားလုံးဟာ ဒီဒဏ်ရာဒဏ်ချက်တွေကို နောင်လာမယ့် မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းလိုခြင်း မရှိတော့ဘဲ ကုစားနိုင်မယ့်နည်းလမ်းကို ရှာဖွေမှုစတင်ခဲ့ပါပြီ။ ကွဲလွဲမှုတွေအကြားက တူညီမှုတွေ ရှာဖွေနိုင်ဖို့ဆိုတာ အမှန်တစ်ကယ်တော့ မလွယ်ကူလှပါဘူး။ ကျွန်မတို့နိုင်ငံလို လက်နက်ကိုင်ပဋိပက္ခတွေ နှစ်ပေါင်း(၇၀)နီးပါး ကြာရှည်ခဲ့ပြီဖြစ်တဲ့နိုင်ငံမှာ ပိုမိုပြီးခက်ခဲနေခဲ့တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။”

ငြိမ်းချမ်းရေးခရီးလမ်းမှာ ရှေ့ကိုမျှော် အနာဂတ်ကို အာရုံပြုလို့ သွက်သွက်လက်လက် ဆက်လက်လျှောက်လှမ်းကြဖို့၊ နောင်လာနောက်သားတွေလက်ထဲမှာ နိုင်ငံကို ပြည်တွင်းစစ်နဲ့ပဲ ထားခဲ့ကြမှာလားဆိုတာစဉ်းစားကြဖို့နဲ့၊ ဒီညီလာခံကြီးထဲကို မရောက်ရှိကြသေးတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့  အတူလက်တွဲပူးပေါင်းပြီး သမိုင်းတွင်ကျန်ခဲ့မဲ့ လုပ်ငန်းကြီးမှာ ပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ (ဒုတိယအစည်းအဝေး)ကိုနေပြည်တော်မှာ မေ ၂၄ ရက်နေ ၂၉ရက်ထိ ကျင်းပခဲ့တာဖြစ်ပါတယ်။

ညီလာခံမှာ နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ ၅ ခုအနေနဲ့ မူဝါဒအချက် ၄၁ ချက်ကို အစိုးရနှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစိုအဖွဲ့တွေက တင်ပြဆွေးနွေးခဲ့ရာ သဘောတူညီတဲ့ မူဝါဒ ၃၇ ချက် သဘောတူညီခဲ့ပါတယ်။

နိုင်ငံရေးကဏ္ဍမှာဆိုရင်တော့ ခေါင်းစဉ် ၇၊ မူဝါဒအဆိုပြု  ၂၀ ရှိပြီး  သဘောတူနိုင်ခဲ့တဲ့ မူဝါဒ ၁၂ ချက်ရှိပြီး နိုင်ငံတော်ကနေ မည်သည့်အခါမျှ ခွဲမထွက်ရဆိုတဲ့ စကားရပ်အပေါ် အကြီးအကျယ် သဘောထားကွဲလွဲခဲ့ပါတယ်။

စီးပွားရေးကဏ္ဍမှာဆိုရင် ခေါင်းစဉ်/အချက် ၈ မူဝါဒအဆိုပြု ၁၁ ရှိပြီး အချက်အားလုံး သဘောတူနိုင်ခဲ့သလို လူမှုရေးကဏ္ဍအချက် ၄ မူဝါဒအဆိုပြု ၄ အားလုံး သဘောတူနိုင်ခဲ့တာပါ။

မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍမှာ ဆိုရင်တော့ ခေါင်းစဉ်/အချက် ၆၊ မူဝါဒအဆိုပြု  ၁၀ လုံး သဘောတူနိုင်ခဲ့ကြတာပါ။

အခုလို သဘောတူခဲ့တဲ့ စုစုပေါင်း မူဝါဒ သဘောတူ ၃၇ ချက်ကို ဒီကနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး နောက်ဆုံးနေ့မှာ သက်ဆိုင်ရာ အစုအဖွဲ့ ခေါင်းဆောင်တွေက အစည်းအဝေး တက်ရောက်ခဲ့ကြတဲ့ သက်ဆိုင်ရာကိုယ်စားလှယ် ၇၀၀ ရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013