DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဒုတိယအကျော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံညီလာခံရဲ့ အလားအလာ
DVB
·
May 29, 2017
ဒုတိယအကျော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံညီလာခံရဲ့ အလားအလာ
Donate to DVB

 

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ ပြည်တွင်းစစ် မီးတဟုန်းဟုန်း တောက်လောင်နေခဲ့၊ အရပ်သားပြည်သူလူထုတွေ သေကျေ ဒဏ်ရာရ၊ စစ်ရှောင်ဒုက္ခသည်အဖြစ် တိမ်းရှောင်ရ အဆက်မပြတ် ဖြစ်နေတဲ့အချိန်မှာ ဒုတိယ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလို့လည်း ခေါ် ၂၁ ရာစုပင်လုံညီလာခံလို့လည်း ခေါ်တဲ့ ညီလာခံ ကျင်းပရေးအတွက် တစာစာ ပြောနေ၊ ကြွေးကြော်နေခဲ့။ အန်စီအေလို့ ခေါ်တဲ့ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ လက်မှတ်မရေးထိုးရသေးတဲ့ လက်ကျန်တိုင်းရင်သား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ကို လက်မှတ်ရေးထိုးဖို့ အတင်းတိုက်တွန်း ပြောဆိုမှုတွေ တရစပ် လုပ်လာခဲ့တာတွေကို တော့ စာဖတ်သူတွေ သိရှိထားခဲ့ကြပြီး ဖြစ်မှာပါ။

ဒါပေမယ့် မြန်မာ့တပ်မတော်လို့ ခေါ်တဲ့ စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် တပ်မတော်ရဲ့ ထိုးစစ်တွေကို ကြံ့ကြံ့ခံခုခံရင်း ‘ဝ’ပြည် သွေးစည်းညီညီညွတ်ရေး တပ်မတော်က ဦးစီးကျင်းပခဲ့တဲ့ အန်စီအေ မထိုးရသေးတဲ့ အဖွဲ့ ၈ ဖွဲ့ရဲ့ ပန်ခမ်း အစည်းအဝေးကလည်း အစိုးရရဲ့ အန်စီအေ စာချုပ်အတိုင်း မလိုက်ဘဲ တခြား နည်းလမ်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရယူဖို့ လမ်းကြောင်းသစ်တခု ချမှတ် သဘောတူညီခဲ့ကြပါတယ်။

အဲဒီလို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း ပြည်တွင်းစစ်မှာ မြန်မာ စစ်တပ်က လက်နက်ကြီးတွေကို ဗုံးပေါလအော သုံးစွဲ ချေမှုန်းရေး လုပ်ခဲ့သလို တိုက်လေယာဉ်တွေ၊ ဟယ်လီကော့ပ်တာတွေသုံးပြီး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ထိုးစစ်ဆင်၊ တဖက်ကလည်း အန်စီအေစာချုပ်ကို လက်မှတ်ရေးထိုးဖို့ လက်မှတ် မရေးထိုးရသေးတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကေင်စီ (UNFC) အဖွဲ့ဝင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လက်မှတ်ရေးထိုးရေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က တစာစာ တိုက်တွန်းနေတဲ့အတွက် အစိုးရနဲ့ မြန်မာစစ်တပ်ရဲ့ မူဝါဒကို မီးစတဖက် ရေမှုတ်တဖက် မူဝါဒလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

အဲဒီလို အခြေအနေတွေကြားမှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ့်ရက်ကို တဖြည်းဖြည်း နောက်ဆုတ်လာခဲ့ရင်း ခု ပြီးခဲ့တဲ့ ၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့)က စတင်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုမကျင်းပနိုင်ခင် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အင်အားစုတွေ အားလုံး ပါဝင်တက်ရောက်ဖို့အရေး ဖိအားပေး တိုက်တွန်းပေးဖို့ အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အကူအညီတောင်းခံခဲ့တယ် ဆိုတာကိုလည်း မြင်သာထင်ရှား တွေ့မြင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအစိုးရဲ့ရဲ့ မေတ္တာရပ်ခံ တောင်းဆိုချက်ကိုလည်း ရပ်ဝန်းတခု လမ်းတသွယ် (OBOR) မဟာဗျူဟာ စီမံကိန်းကြီးကို နိုင်ငံအကျိုးစီးပွားနဲ့ သြဇာအာဏာ လွှမ်းမိုးရေးအတွက် စီမံဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံက အလေးအနက်ထား တိုက်တွန်း ဖိအားပေးခဲ့ပါတယ်။

အဲဒီလိုဖြစ်ခဲ့တဲ့အတွက် အစက မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေအပေါ် မကျေမနပ် ဖြစ်နေတဲ့ မြန်မာစစ်တပ်ကို ပြန်လည်တိုက်ခိုက် တွန်းလှန်ပစ်ဖို့ ပြင်ဆင်တာစူနေတဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အင်အားစု တွေက ၂၁ ရာစု ဒုတိယညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားခံရပြီး တက်ရောက်ခဲ့ကြပေမယ့် ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီးတဲ့ အချိန်ကစပြီး စစ်တပ်က ရေးဆွဲထားခဲ့တဲ့ နိုင်ငံရေးမူဘောင်ကို ပြင်ဆင်ရေးဆွဲရေးအတွက် အချက်အလက် ၉ ချက် တင်ပြတောင်းဆိုနေခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ကိုတော့ အရေးမကြီးလှတဲ့ အချက်တချက်ကလွဲပြီး ဘာမှ သဘောတူ လိုက်လျောပေးတာ မရှိခဲ့တဲ့အတွက်၊ ဖိတ်ကြားမှုပုံစံအရလည်း တစုံတရာ ပါဝင်ဆွေးနွေးခွင့်မရှိတဲ့ လေ့လာသူတွေအဖြစ်ပဲ တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတဲ့အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ၂၁ရာစု ပင်လုံဒုတိယ ညီလာခံကို တက်ရောက်မှာ မဟုတ်တဲ့အကြောင်း ကြေညာချက်ထုတ်ပြန် တုံ့ပြန်လိုက်တာကို တွေ့ရပါတယ်။

ပထမ ၂၁ ရာစုပင်လုံညီလာခံရဲ့ အားလုံးပါဝင်ရေးမူကနေ လမ်းကြောင်း ပြောင်းသွားခဲ့တယ်လို့ ဆိုရမှာပါ။

ဒါဟာ ရေရှည်တည်တံ့တဲ့ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်မယ်ဆိုတာကတော့ အသေအချာပါပဲ။

တက်ရောက်လာတဲ့ ဖိတ်ကြားခံ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရခိုင့်တပ်မတော်ကလည်း တရုတ်နိုင်ငံရဲ့ ဖိအားပေး တိုက်တွန်းမှုကြောင့်သာ မလွှဲမရှောင်သာ တက်လာခဲ့ရတာ ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော် ပြောဆိုခဲ့သလို ‘ဝ’ပြည် သွေးစည်းညီဘွတ်ရေးအဖွဲ့ကလည်း အန်စီအေကို လက်မှတ် ရေးထိုးမှာ မဟုတ်သေးတဲ့အကြောင်း သတင်းမီဒီယာတွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

နိုင်ငံတောာ်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မိန့်ခွန်းစကားထဲမှာလည်း အဓိက အရေးကြီးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို ထည့်သွင်းပြောဆိုသွားတာ မရှိခဲ့ပါဘူး။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဆိုသူကလည်း တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ပြစ်တင်ပြောဆို ငြိမ်းချမ်းရေးကို ကပျက်ယပျက် လုပ်ဆောင်နေကြတယ် ဆိုပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့သူကပဲ ပြန်စွပ်စွဲ ပြောဆိုခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုသွားတာ မရှိတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဘယ်လိုနည်းနဲ့မှ ကျေနပ် လက်ခံနိုင်စရာ မရှိနိုင်တာကို တွေ့ရပါတယ်။

အစိုးရနဲ့ မြန်မာစစ်တပ်ဘက်က တည်ဆဲဥပဒေ ၂၀၀၈ အောက် ဝင်ရောက်ရေးနဲ့ အန်စီအေလမ်းကြောင်းအောက်ကသာ ဝင်ရောက်ရေးကို တွန်းအားပေးနေတဲ့အတွက် အဲဒီ ၂ ချက်ကို စကတည်းက သဘောမတူခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေအတွက် ဖြစ်ချင်ရာဖြစ် လက်မှတ်ထိုးလိုက်၊ ဝင်လိုက် ဆိုတဲ့ အနေအထားမျိုးကတော့ ဖြစ်လာနိုင်စရာ အကြောင်းမရှိလောက်ဘူးလို့ပဲ ပြောရမှာပဲ။

ဗီအိုအေ သတင်းဌာနက ဦးကျော်ဇံသာရဲ့ အမေးကို ရခိုင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စလှယ် ဦးဦးလှစော ဖြေကြားရာမှာ ဒီညီလာခံက တိုင်းရင်းသား လူမျိုးစုတွေအကြား ပိုပြီးသွေးခွဲသလို ဖြစ်သွားမှာကို စိုးရိမ်တဲ့အကြောင်း၊ လက်နက်ကိုင် ပဋိပက္ခကို ပိုပြီး ရှည်ကြာအောင် လုပ်သလို ဖြစ်သွားမှာကို စိုးရိမ်တဲ့အကြောင်း ထည့်သွင်း ပြောဆိုသွားတာ တွေ့ရပါတယ်။

နောက် ထူးခြားတဲ့ အသိပေး နှိုးဆော်မှုကတော့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်က မေလ ၂၃ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တဲ့ အသိပေး နှိုးဆော်ခြင်း ခေါင်းစဉ်နဲ့ အသိပေး နှိုးဆော်စာပါပဲ။

နှိုးဆော်စာထဲမှာ ရခိုင့်တပ်မတော်အနေနဲ့ လာရောက်တက်ရတာဟာ ၂၁ ရာစု ပင်လုံညီလာခံအပေါ် ယုံကြည် မျှော်လင့်ချက်များစွာရှိလို့ မဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ မဖြစ်မနေ တိုက်တွန်းမေတ္တာရပ်ခံချက်ကြောင့် ရှေ့ရေး နောက်ရေး အခြေအနေ ကြောင်းကျိုးဆင်ခြင်ပြီး လာရောက်တက်တာသာ ဖြစ်ကြောင်း၊ မျက်နှာမပျက်ရအောင် ဒါမှမဟုတ် ငြိမ်းချမ်းရေး မလိုလားသူအဖြစ် ပုံဖော်ခံရမှာ စိုးရိမ်လို့သာဖြစ်ကြောင်း ဖော်ပြထားပြီး ညီလာခံကို တက်ရောက်လာခဲ့ကြတဲ့ ရခိုင်အဖွဲ့အစည်းပါတတွေကိုလည်း ရခိုင်လူထုရဲ့ ဘုံသဘောထားကို တိုင်ပင်ရယူခြင်း မရှိဘဲ လူထုတရပ်လုံးနဲ့ သက်ဆိုင်တဲ့ ကတိကဝတ်ဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခြင်း မလုပ်ကြဖို့ပါ တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ဒုဥက္ကဋ္ဌ နိုင်ဟံသာကလည်း “လုံးဝ ကန့်သတ်ထားတဲ့ ပုံစံက ၁၉၄၇ ခုနှစ် ပင်လုံမူနဲ့ နည်းနည်း လွဲမှားနေလို့ တချို့က ကန့်ကွက်ကြတယ်လေ။ ဒါလည်း ဖြစ်သင့်ပါတယ်။ နောက် တဖက်က လုံးဝကြီးကို ကန့်သတ်ထားတဲ့ပုံစံမျိုးထက်ပေါ့ဗျာ၊ တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိမယ်ဆိုရင် ဘယ်သူမှ ခွဲထွက်မှာ မဟုတ်ပါဘူး။ အဲဒါ ကန့်သတ်ထားမယ်ဆိုရင် သူတို့ဘက်ကတော့ သံသယရှိတာပေါ့ဗျာ၊ ဒါကတော့ ဒီလိုကန့်သတ်ထားရင် သူတို့ကို ဖိနှိပ်လာရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အနေအထားမျိုးတော့ ရှိတာပေါ့။ ကျနော် မြင်တာကတော့ စေတနာသန့်သန့်နဲ့ မှန်မှန်ကန်ကန်ဆိုရင် ဘယ်သူမှ ခွဲထွက်ချင်မှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ညီလာခံမှာ တိုင်းရင်းသားအဖွဲ့တွေ စုံလင်မှုမရှိတဲ့အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ မလုပ်နိုင်ခဲတာကြောင့် ဒီညီလာခံမှာ ဆုံးဖြတ်ချက်တစုံတခု ချခဲ့မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ညီလာခံ မဟုတ်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။

အဲဒီလို အခြေအနေတွေအောက်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံညီလာခံဟာ အောင်မြင်မှုရရှိဖို့ အခြေအနေနဲ့ အတော်အလှမ်းဝေးနေတယ်လို့ ပြောရမလို ဖြစ်နေတဲ့အချိန်မှာပဲ...

‘ဝ’တပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့များညီလာခံ ဒုတိယနေ့ ဆက်မတက်

သျှမ်းသံတော်ဆင့်

မေလ ၂၅ ရက် ၂၀၁၇

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ဖွင့်ပွဲရက် တက်ရောက်ပြီးနောက် ဝ တပ်ဖွဲ့ဦးဆောင်သည့် မဟာမိတ်အဖွဲ့ ၇ ဖွဲ့သည် ညီလာခံ ဒုတိယရက်တွင် ဆက်မတက်တော့ကြောင်း သိရသည်။

အထူးဖိတ်ကြားခြင်းခံရတယ် ဆိုပေမယ့် ဆွေးနွေးဖို့အတွက် တန်းတူညီမျှတဲ့ အခွင့်အရေး မရဘူး။ နောက်တချက်က တပ်ချုပ်ကြီး ပြောသွားတဲ့အချက်တွေထဲမှာ ဘဝင်မကျတဲ့ အချက်တွေ ပါတယ် ဟု အဖွဲ့ ၇ ဖွဲ့မှ အရာရှိတဦးက ပြောသည်။

ဆိုတဲ့ အဲဒီသတင်းလေးကို ဖတ်လိုက်ရတော့ ၂၁ ရာစုပင်လုံညီလာခံရဲ့ အလားအလာဟာ အောင်မြင်ဖို့ ပိုလို့သာ ဝေးသွားခဲ့ပြီလို့ ဆိုရတော့မှာပဲ ဖြစ်ပါတယ်။   ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013