
ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့မှာ ဒီနေ့ မနက် ၁၁ နာရီခွဲလောက်က လျှပ်စစ်မီးကြိုးပြတ်ကျရာမှ အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကညွတ်ကွင်းနယ်မြေ ရဲစခန်းက ပြောပါတယ်။
"ကောင်လေးက အလုပ်လုပ်နေတာ တောင်ထန်းရွက်တွေ သယ်နေတာပေါ့။ အဲဒီမှာ မီးကြိုးက ပြတ်ကျတာ ကျမလည်း ဓာတ်တွေ လိုက်တာပေါ့။ သူကိုတော့ ဆေးရုံကို ချက်ချင်းပို့ လိုက်တယ်" လို့ မီးကြိုးပြတ်ကြစဉ် ဓာတ်လိုက်ခံခဲ့ရသူ မဇင်မာက ပြောပါတယ်။
ပြတ်ကျတဲ့ မီးကြိုးမှာ 11 KVA ဓာတ်အားကြိုးဖြစ်ပြီး မီးလိုင်းအောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ ညွတ်ကွင်းမြို့ စက်တောင် ၁ ရပ်ကွက်နေသူ အောင်ပေါ် ကို ကညွတ်ကွင်းဆေးရုံ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး ဓာတ်လိုက်ခံရသူ အမျိုးသမီးတဦးကိုလည်း ဆေးရုံပို့ထားပြီး အသက်အန္တရာယ် ဆိုးရိမ်စရာမရှိဘူးလို့ လိုက်ပါကူညီပေးသူတဦးက ပြောပါတယ်။
ကညွတ်ကွင်းမြို့ လျှစ်စစ်မှူး ဦးခင်ရီက “မီးကြိုးပြတ်ကျတာက သစ်ကိုင်းက ကြိုးပေါ်ကို ကျတာ။ အဲဒီမှာ လိုင်းဖေါ(စ်) ဖြစ်ပြီး ဒီကိုဝင်စောင့်ပြီး ပြတ်ကြတာပါ” လို့ ပြောပါတယ်။
"ဒီတလထဲမှာကို မီးကြိုးပြတ်ကျတာ နှစ်ခါရှိပြီ။ တခါက အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လူတော့ မထိလိုက်ဘူး။ အခုတခါကတော့ လူသေတာပေါ့။ အန္တရာယ်အရမ်းများတယ်။ ကျနော့် အထင်တော့ ကြိုးတွေက မလဲကြလို့ ဖြစ်မယ်။ ကြိုးတွေက ဆွေးနေပြီ။ ဒီလိုသာ အမြဲဖြစ်နေမယ်ဆို ကျနော်တိုမြို့ကတော့ မစဉ်းစားရဲစရာပဲ" လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။
ဓာတ်လိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ကညွတ်ကွင်းနယ်ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် ၃ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)











