
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းအပိုင် မြို့ချောင်းအုပ်စု ပဲခူးရိုးမ တောင်ပေါ်ရှိ စိုက်ခင်းတခုမှာ မေ ၂၈ ရက် ညနေ ၄ နာရီလောက်က လူသတ်မှုဖြစ်ပွားပြီး အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ ဖဒိုနေမြေရဲတပ်ဖွဲစခန်းက ပြောပါတယ်။
စိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ နေလင်းဦးနဲ့ အေးထွန်းဟာ အရက်အတူတူ သောက်စားကြရင်း စကားများပြီး ခင်အင်းကြီးအုပ်စု ဂျို့ကုန်းကျေးရွာနေသူ နေလင်းဦး (၂၇)နှစ် ဟာ ဓားနဲ့ ခုတ်ခံရတဲ့အတွက် အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့ရပြီး ဓားနဲ့ခုတ်သူ အေးထွန်းဟာ ရိုးမတောအတွင်း ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ဖဒိုနယ်မြေရဲစခန်း တာဝန်ရှိသူတွေဟာ တရားခံကို ပဲခူးရိုးမတွင်း တောနင်းရှာဖွေခဲ့ရပြီး ၁ နာရီခွဲအတွင်း ဓားနဲ့ခုတ်သူ အေးထွန်းကို ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၀ အနီး ဖမ်းဆီးရမိခဲ့တာပါ။
ဖဒိုနယ်မြေရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက "စိုက်ခင်းထဲမှာ အလုပ်အတူတူလုပ်တဲ့ သူတွေဗျ။ အရက်သောက်ရင်း စကားများကြတာ စားသောက်စရိတ်ကိစ္စတွေပေါ့။ အဲ့ကနေစပြီး စကားများရာကနေ ဖြစ်ကြတာ လူသတ်ပြီး ထွက်ပြေးသွားတဲ့ တရားခံကိုတော့ နာရီပိုင်းအတွင်း မိပါတယ်"လို့ ပြောပါတယ်။
လူသတ်မှုနဲ့ ပတ်သက်ပြီး ဓားနဲ့ခုတ်တဲ့ ကျောက်တံခါးမြို့နယ် ခင်အင်းကြီးကျေးရွာ အုပ်စုနေသူ အေးထွန်းကို ဖဒိုနယ်မြေရဲစခန်းမှ (ပ)၂၅၇/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)











