ကျွန်းစုမြို့နယ်၊ ယမုံကျေးရွာမှာ သတ္တုလာရောက်တူးဖော်နေတဲ့ ကုမ္ပဏီကြီး ၂ ခုက ဒေသခံတောင်သူတွေကို သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ လယ်ယာ၊ ဥယျာဉ်တွေအတွက် လျော်ကြေးငွေတွေကို ပေးအပ်လိုက်ပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်လောက်ကစတင်ပြီး ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ယမုံကျေးရွာမှာ သတ္တုလာတူးဖော်နေတဲ့ ငွေကမ္ဘာမြန်မာနှင့် ရွှေပင်လယ်ကုမ္ပဏီတွေက ဒေသခံတောင်သူတွေရဲ့ မြေဧက ၅၂၃ ဒသမ ၆၉ ဧကပေါ်မှာ စီမံကိန်းဆောင်ရွက်နေတာပါ။
အဆိုပါမြေများအပေါ်မှာ လုပ်ကိုင်ဆောင်ရွက်နေပေမယ့် ဒေသခံတောင်သူတွေကို ထိုက်သင့်တဲ့ လျော်ကြေးငွေ ပေးဆောင်ခဲ့တာ မရှိဘူးလို့ သိရပါတယ်။ ၂၀၁၁-၁၂ ခုနှစ်အတွင်းမှာ ဒေသခံတောင်သူ ၁၇၇ ဦးကို လျော်ကြေးငွေတွေ ပေးအပ်ခဲ့ပေမယ့် အလွန်နည်းပါးစွာ ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်း ဒုတိယအကြိမ် လွှတ်တော်မစတင်မီမှာ ယမုံကျေးရွာမှ ဒေသခံတောင်သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို အဆိုပါ မြေယာ လျော်ကြေးတွေနဲ့ပတ်သက်ပြီး တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက ကွင်းဆင်းပြီး အကြိမ်ကြိမ် စစ်ဆေးခဲ့ ရကြောင်း၊ တောင်သူတွေ တကယ် နစ်နာခဲ့တာကို သိရှိရတဲ့အတွက် ခုံသမာဓိအဖွဲ့တွေ ဖွဲ့ပြီး ဘက်မလိုက်ဘဲ လျော်ကြေးငွေတွေ ပေးဆောင်စေခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ပြောခဲ့ပါတယ်။
ယမုံကျေးရွာမှာ သတ္တုတူးဖော်နေတဲ့ ကုမ္ပဏီတွေကြောင့် ဒေသခံတောင်သူတွေရဲ့ လယ်ယာ၊ ဥယျာဉ်တွေ ဆုံးရှုံးသွားပြီး တချို့မှာလည်း ကျေးရွာမှ ပြောင်းရွှေ့သွားသူတွေ ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ပြောပါတယ်။
“ကျနော်တို့ရဲ့ သယံဇာတနှင့်သစ်တော ၀န်ကြီးက ဒီသတ္တုမိုင်းတွေဆီကို ၂ ကြိမ်သွား ရောက်စစ်ဆေးပြီးပါပြီ။ ကျနော်တို့လည်း အကြိမ်ကြိမ်သွားရောက် စစ်ဆေးခဲ့တယ်၊ ကုမ္ပဏီရော ဒေသခံတွေကိုပါ တွေ့တယ်။ သတ္တုတူးဖော်နေတာက အသေးစားလို့ ဖော်ပြထားပေမယ့် တကယ်တမ်း မြေပြင်အခြေအနေမှာက အကြီးစားကို တူးဖော်ထားတာပါ။ ဆုံးရှုံး နစ်နာမှုတွေတော့ ရှိတာပေါ့။ အခုပြီးခဲတဲ့ မေ ၂၆ မှာ ဒေသခံတွေကို ကုမ္ပဏီဘက်ကနေ လျော်ကြေးအပြီးသတ် ပေးချေလိုက်ပြီ” လို့ ဦးတိုးလွင်က ပြောကြားခဲ့ပါတယ်။
မြိတ်ခရိုင်အတွင်းမှာ စီမံကိန်းတွေကြောင့် လျော်ကြေး ပေးအပ်မှုဟာ အစိုးရသစ်လက်ထက် ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အပြီးသတ်ပေးအပ်ခဲ့တဲ့ လျော်ကြေးငွေ ပမာဏ ကျပ် ၁၂၅၄ သိန်းရှိပြီး တောင်သူ ၁၀၅ ဦးက အဆိုပါလျော်ကြေးငွေတွေကို လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)










