DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ် လိမ္မော်ရောင်အဆင့်သတ်မှတ် ခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမည်
DVB
·
May 28, 2017
မုန်တိုင်းငယ် လိမ္မော်ရောင်အဆင့်သတ်မှတ် ခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမည်
1 / 2
Donate to DVB

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့  မုန်တိုင်းငယ်မုန်တိုင်းငယ်ဟာ  နောက် (၂၄) နာရီအတွင်း  ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမယ့် အခြေအနေရှိနေလို့  လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားပါတယ်။

မိုးဇလ ထုတ်ပြန်ချက် အပြည့်အစုံ-----

၁။ ၂၀၁၇ ခုနှစ်၊ မေလ (၂၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက်ကို အောက်ပါအတိုင်း လေးစားစွာ အစီရင်ခံ အပ်ပါသည်-

မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၂)၊၂၀၁၇

မုန်တိုင်းငယ်အခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက်မိုင်(၂၃၀)ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် (၃၃၀)ခန့်၊ ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်- အနောက်တောင်ဘက် မိုင်(၄၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ မြောက်- အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် နောက် (၂၄) နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သို့ ရောက်ရှိနိုင်ပါ သည်။

(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန်တွင် မြောက် လတ္တီကျု (၁၄.၆) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈) ဟက်တို ပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀) မှ (၄၅)မိုင်နှုန်း ဖြစ်ပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့်နောက် (၇၂)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ဒေသ အလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ပါသည်။

(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်/ မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

၂။ အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများ အနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013