
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့မှာ အများအကျိုးပိုလုပ်ဆောင်နိုင်ဖို့အတွက် ပရဟိတအသင်းအဖွဲ့တွေ စုစည်းပြီး မြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။
သာရေးဖြစ်စေ၊ နာရေးဖြစ်စေ၊ လူမှုပတ်ဝန်းကျင်ရဲ့ လိုအပ်တဲ့ အကူအညီတွေ ဖြည့်ဆည်းပေးနိင်အောင် ပရဟိတအသင်းများ စုစည်းပြီး ကွန်ရက်ဖွဲ့ လုပ်ဆောင်တာလို့ တက်ရောက်လာသူတွေက ပြောပါတယ်။
တံတားဦး ဘုန်းတော်ကြီးကျောင်းမှာ မေ ၂၇ ရက် မနက်ပိုင်းက တမြို့နယ်လုံးရှိ ပရဟိတအသင်း ၄၃ သင်းရဲ့ ဦးဆောင်သူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်အဖွဲ့ ဖွဲ့စည်းခဲ့ကြတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ဝင် မန္တလေးတိုင်ဒေသကြီး အတွင်းရေးမှူး ဦးသန်းထိုက်စိုးက ပြောပါတယ်။
"ပြည်သူတွေရဲ့ လိုအပ်မှုကို တတ်နိုင်တဲ့ဘက်က ကူညီပေးတဲ့အခါ တသင်းတဖွဲ့အားထက် ပေါင်းစည်းထားတဲ့အားနဲ့ ကူညီမယ်ဆို ပိုပြီး ထိရောက်ပါတယ်။ ကူညီကယ်ဆယ်တဲ့အခါ ပြုစုနည်း၊ အသက်ကယ်နည်း၊ အကူအညီပေးတဲ့ လုပ်ဆောင်မှု စနစ်တကျဖြစ်အောင် ပရဟိတအဖွဲ့တွေကို သင်တန်းလုပ်ပေးမယ်။ ကျနော်တို့တုန်းက မြဝတီမြို့ သွားတက်ရတယ်။ ဒီမြို့က အဖွဲ့တွေကို ဒီမြို့မှာပဲ နည်းပြတွေနဲ့ သင်တန်းလုပ်ပေးမယ်။ ကျောက်ဆည်မှာတော့ ခရိုင်အဆင့်အထိ ကွန်ရက်ဖွဲ့ထားပြီး အင်းကုန်းမှရှိတဲ့ ရွှေရောင်မျိုးဆက်သစ်ဘုန်းကြီးကျောင်း ဆရာတော် ဦးဗုဒ္ဓပီယက ဦးဆောင်မှုပေးပါတယ်။"
ဖြူစင်မေတ္တာနာကူအသင်းမှ ကိုတင်ဆင့်က “မြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်မှာ ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ မရှိဘူး။ လုပ်နိုင်တဲ့သူတွေကို ကိုယ်စားလှယ်ထားလိုက်တယ်၊ ကိုယ်စားလှယ် ၂၅ ဦး ရှိမယ်။ အဲဒီ ၂၅ ဦးနဲ့ ဆက်သွယ်ဆောင်ရွက်မယ့် ကိုယ်စားလှယ် ၅ ဦးရှိမယ်။ တံတားဦး ဘုန်းကြီးကျောင်းမှာ ကွန်ရက်ရုံးထားမယ်။ ဆရာတော်ဦးဇောတိက ရုံးထိုင်ပြီး ချိတ်ဆက်ဦးဆောင်မှုပေးမယ်" လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့နယ်မှာ မှတ်ပုံတင်ထားတဲ့ ပရဟိတအသင်း ၄၄ သင်းရှိပြီး မှတ်ပုံမတင်ပဲ လုပ်နေတဲ့ အသင်းက ၄၀ ကျော် လောက်ရှိနေပါတယ်။
သတင်း-မောင်မောင်လင်း(၀မ်းတွင်း)











