DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် ပင်လယ်ရေတား တမံနှင့် နေအိမ် ၅ လုံး ပျက်စီး
DVB
·
May 28, 2017
ပေါင်မြို့နယ်တွင် ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် ပင်လယ်ရေတား တမံနှင့် နေအိမ် ၅ လုံး ပျက်စီး
1 / 4
Donate to DVB

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာမှာ မေ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်လောက်က ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် ပင်လယ်ရေငန်တား ကျောက်စီတမံ ပေ ၃၀၀ လောက် ပျက်စီးခဲ့ကာ ရေတွေ ဆင်းလာတာကြောင့် လူနေအိမ် ၃ လုံး ပြိုကျခဲ့ပြီး ၂ လုံး ယိမ်းယိုင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဖြစ်တာက မနေ့က ညနေ ၃ နာရီလောက်ကပါ။ အချိန်က တစ်နာရီခွဲလောက်ကြာသွားတယ်။ ကျနော်တို့ ထမင်းစားနေတုန်း သမီးက လှိုင်းလုံးတွေ တက်လာတယ်ဆိုလို့ အိမ်ပြင်ထွက်ကြည့်တော့ ရေကတမံကို ကျော်နေပြီ။ ဒါနဲ့ ကျနော်လည်း ကလေးတွေကိုချီပြီး ရွာထဲကို ဝင်ပြေးခဲ့တာပါ" လို့ နေအိမ်ပြိုကျပျက်စီးခဲ့သူ ဦးနိုင်ဦးက ပြောပါတယ်။

အလှပ်ကျေးရွာမှာ နှစ်စဉ် မိုးတွင်းကာလအတွင်း ပင်လယ်ရေတိုက်စားမှု ကြုံတွေ့နေရတာကို ကာကွယ်ပေးနိုင်ဖို့အတွက် ပင်လယ်ရေတား တမံကို အစိုးရဘတ်ဂျက်ငွေကျပ် ၄၅၆၀ သိန်းနဲ့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက စတင်တည်ဆောက်ခဲ့ပြီး ဧပြီမှာ တည်ဆောက်ပြီးစီးခဲ့ကာ တမံတည်ဆောက်ပြီးစီးပြီး တလမပြည့်မီအချိန်အတွင်း ရေတိုက်စားမှုကြောင့် အခုလို ပျက်စီးခဲ့တ ဖြစ်ပါတယ်။

အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းတင်က “ရေတားတမံ အရှည်အားလုံး ပေ ၁၂၀၀ လောက်ရှိတယ်။ မနေ့က ရေတိုက်စားလို့ ပျက်စီးတာက ပေ ၃၀၀ လောက်ရှိတယ်။ နှစ်တိုင်း ရေတိုက်စားမှုက ဖြစ်နေကြပဲ။ ရေတိုက်စားတဲ့ နေရာမှာ ကျနော်တို့ဆီက ရွာသားတွေ ဘယ်သူမှမနေရဲဘူး။ အခု နေကြတဲ့သူတွေက ရွှေ့ပြောင်းအလုပ်သမားတွေပါ။ တမံပြိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ ဆည်မြောင်းဦးစီးဌာနက အဖွဲ့တွေ လာကြည့်တော့ တမံကို ပြန်လုပ်ပေးမယ်လို့တော့ ပြောပါတယ်" လို့ ပြောပါတယ်။

ဒီရေလှိုင်း ရိုက်ခတ်ခဲ့ရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ ကျေးရွာနေပြည်သူတွေက လိုအပ်တာတွေ ကူညီခဲ့ကြပြီး နေအိမ်ပြိုကျပျက်စီးခဲ့တဲ့ သူတွေကတော့ နီးစပ်ရာဆွေမျိုးနေအိမ်တွေမှာ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ သိရပါတယ်။

ပျက်စီးမှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ပေမယ့် တမံ ပျက်စီးဆုံးရှုံးမှုအတွက် တန်ဖိုးငွေကျပ် သိန်းတစ်ထောင်၊ နေအိမ် ၃ လုံးပြိုကျပျက်စီးမှုအတွက် တန်ဖိုးငွေကျပ် သုံးသိန်းနဲ့ နေအိမ် ၂ လုံး ယိမ်းယိုင်ခဲ့မှုကြောင့် တန်ဖိုးငွေကျပ် ခြောက်သောင်းကျပ် ဆုံးရှုံးခဲ့ကြောင်း ပေါင်မြို့နယ် မီးသတ်ဦးစီးဌာန စာရင်းမှတ်တမ်းများအရ သိရပါတယ်။

သတင်း = ယူမင်းစိုး၊ ဓာတ်ပုံ = ကိုသာဇံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013