DVB Logo
Home
မြန်မာသတင်း
မိုးကြိုးပြင် ဆာလဖျူရစ် အက်ဆစ်စက်ရုံ ဖျက်သိမ်းရေး ဒေသခံများ တောင်းဆို
DVB
·
May 28, 2017
မိုးကြိုးပြင် ဆာလဖျူရစ် အက်ဆစ်စက်ရုံ ဖျက်သိမ်းရေး ဒေသခံများ တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာအနီးရှိ မိုးကြိုးပြင် ဆာလဖျူရစ်အက်ဆစ်စက်ရုံက အနံ့ဆိုးတွေထွက်ပေါ်နေလို့ မခံနိုင်တဲ့အတွက် မေလ ၂၆ ရက်နေ့ညက ဒေသခံတွေ စက်ရုံဖျက်သိမ်းရေး စက်ရုံရှေ့မှာ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မေလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လယ်ဆည်ဝန်ကြီး ဦးကမ်ဇာမုန်တို့က အက်ဆစ်စက်ရုံကိုသွားရောက်ပြီး စက်ရုံမှုး၊ ဒေသခံခေါင်းဆောင်တွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စက်ရုံအတွင်းမှာ တံခါးပိတ်ဆွေးနွေးတာတွေပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ စက်ရုံအနေနဲ့ အနံ့မနံအောင်လုပ်ဆောင်ဖို့နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ ပြောဆို ဆွေးနွေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံခေါင်းဆောင် ကိုတင့်အောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ တံခါးပိတ်ဆွေးနွေးပွဲအပြီးမှာ ဝန်ကြီးတွေက ကံကုန်းရွာအထက်တန်းကျောင်းမှာ ဒေသခံ ၁၀၀ ကျော်နဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

“ကျနော်တို့အစိုးရအဖွဲ့မှာ ဝန်ကြီးက ၅ ယောက်ပဲရှိတယ်။ နဂိုအစိုးရတုန်းက ၉ ယောက်ရှိတယ်။ ၅ ယောက်တည်းနဲ့ အကုန်လှည့်ပတ်တာဝန်ယူနေရတယ်။ စစ်ကိုင်းတိုင်းက အကျယ်ကြီး။ သဘာဝ သယံဇာတအနေနဲ့ ကျောက်စိမ်းထွက်တယ်။ ရွှေထွက်တယ်။ ကြေးနီထွက်တယ်။ နီကယ် ထွက်တယ်။ သစ်ထွက်တယ်။ ထွက်တဲ့ဆီတိုင်းမှာ ပြဿနာရှိတယ်။ ကျနော်တို့လည်း ၅ ယောက်တည်းနဲ့ တတ်နိုင်သလောက်လုပ်တယ်။ နဂိုအစိုးရနဲ့ နဂိုကုမ္ပဏီနဲ့ဖြစ်ခဲ့တာတွေက အဆက်ပြတ်နေခဲ့တယ်။ အချိတ်အဆက်တွေက လိုက်စုနေရတာ။ မြေယာအငြင်းပွားမှုတွေဆို သတ်မှတ်ဧရိယာ ကျနော်တို့မသိဘူး။ အရင်အစိုးရကလည်း ဘယ်ထိဆို သတ်မှတ်ထားတာ မရှိဘူး။ လွှဲတာလည်းမရှိဘူး။ ဒါပေမယ့် ဖြစ်တော့လည်း တာဝန်ရှိလို့ဖြေရှင်းပေးနေတာ။ အဆင့်ဆင့်စိစစ်ပြီးတော့ ကျေနပ်တဲ့အတိုင်းအတာကို ညှိနှိုင်းဆုံးဖြတ်ပေးမှာဖြစ်တယ်"လို့ စည်ပင်ဝန်ကြီးက ဒေသခံတွေကိုပြောဆိုခဲ့ပါတယ်။

အက်ဆစ်စက်ရုံနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်နေတာဖြစ်တဲ့ အတွက် တိုင်းဒေသကြီးအစိုးရအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ စစ်ဆေးတွေ့ရှိချက်၊ ဒေသခံတွေရဲ့ လိုအပ်ချက်ကို တင်ပြပြီး အမြန်ဆုံးဆောင်ရွက်ပေးသွားမယ်လို့လည်း ပြောပါတယ်။

ဒေသရဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမယ်လို့ လူမှုရေးဝန်ကြီးကပြောဆိုခဲ့ပါသေးတယ်။

ဒေသခံတွေကတော့ အက်ဆစ်စက်ရုံကြောင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စတဲ့အဘက်ဘက်က ထိခိုက်နစ်နာနေတဲ့အတွက် အမြန်ဆုံးသာ ပြောင်းရွှေ့တာ ဒါမှမဟုတ် ဖျက်သိမ်းတာတွေ ပြုလုပ်စေချင်နေကြပါတယ်။

ဒါ့အပြင် မဖြေရှင်းနိုင်သေးတဲ့ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးနဲ့ အလုပ်လက်မဲ့ပြဿတွေကိုလည်း ဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

မနှစ်ကလည်း ကျောင်းဖွင့်ချိန်အတွင်းမှာ အက်ဆစ်နံ့တွေ ဆိုးရွားစွာ နံတာကြောင့် ကျောင်းသားတွေရာနဲ့ချီပြီး ကျောင်းမတက်ခဲ့လို့ သက်ဆိုင်ရာက ကွင်းဆင်းဖြေရှင်းတာတွေ ပြုလုပ်ခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013