ရွှေတိဂုံစေတီနှစ်ပေါင်း ၂၆၀၀ ပြည့်ပွဲ ကျင်းပမည်
ပီတာအောင်
·
February 6, 2012

ကမ္ဘာ့အံ့ဖွယ်တပါးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ နှစ်ပေါင်း ၂၆၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို အစီအစဉ်မျိုးစုံနဲ့ ထူးထူးခြားခြားကျင်းပဖို့ပြင်ဆင်နေတယ်လို့ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် တဦးက ပြောပါတယ်။
“ဒီနှစ်ကတော့ ထူးထူးခြားခြား တော်တော်များတယ်။ အထက်ပစ္စယံရော၊ အလယ်ပစ္စယံရော၊ အောက်ပစ္စယံရော အကုန်လုံးအပြည့်ပေါ့။ အရင်နှစ်တွေထက် အတော် ထူးထူးခြားခြား လုပ်မယ်လို့ အကြမ်းဖျင်း သိထားပါတယ်။ ဇာတ်တော်ကြီးတွေ ပြဇာတ်လေးတွေဝင်မယ်။”
ပွဲတော်ရက်ကို လာမယ့် ဖေဖော်ဝါရီ ၂၂ ရက် တပေါင်းလဆန်း ၁ ရက်နေ့ကစပြီး မတ်လ ၇ ရက် တပေါင်းလပြည့်နေ့ အထိ ၁၅ ရက်ကြာ ကျင်းပမှာပါ။
ဘုရားရင်ပြင်တော်ပေါ်မှာတော့ ပဋ္ဌာန်းရွတ်ပွဲတွေ၊ ပန်းပေါင်း ၂၆,၀၀၀ ပူဇော်မယ့် ပန်းပေါင်းစုံပူဇော်ပွဲ၊ ဆီမီး ၂,၆၀၀၀ ပူဇော်မယ့် ဆီးမီးကပ်လှူပွဲတွေနဲ့ သံဃာတော်အပါး ၂၆၀၀ ကို ဆွမ်းကပ်မယ့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွေလည်း လုပ်ဖို့အစီအစဉ် ရှိပါတယ်။
တောင်ဘက်မုခ်က တပ်မတော် ဓမ္မာရုံမှာ တရားပွဲတွေကျင်းပဖို့ ရှိပြီး အနောက်ဘက်မုခ်နဲ့ အာဇာနည်ကုန်းဘက်တွေမှာ နာမည်ကြီး ဇာတ်သဘင် အငြိမ့်တွေ ခြင်းအလှခတ်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဈေးရောင်းပွဲတွေ ကျင်းပဖို့ ရှိပါတယ်။
ဒါ့ပြင် ရွှေတိဂုံ ဘုရားထီးတော်ဟောင်းတွေကို ကရဝိတ်ဖောင်တွေနဲ့တင်ပြီး ဗုဒ္ဓဆံတော်ပင့် လာခဲ့ဖူးတဲ့ လမ်းကြောင်း တလျောက် ပူဇော်ခံဖို့ရှိတယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။
ရွှေတိဂုံ စေတီတော်ရဲ့ ဂုဏ်တော်တွေကို ရည်ညွှန်းဖွဲ့ဆိုထားတဲ့ စာတွေ ဆောင်းပါးတွေ သမိုင်းအချက်အလက်တွေနဲ့ ဓာတ်ပုံထည့်သွင်းထားတဲ့ရွှေတိဂုံ (၂၆ဝဝ) ပြည့် အထူးထုတ် ဓမ္မမဂ္ဂဇင်းကိုလည်း ထုတ်ဝေထားတယ်လို့သိရပါတယ်။
ရွှေတိဂုံစေတီတော်ကြီးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၆၈ ပေအမြင့် ရန်ကုန်မြို့ သိင်္ဂုတ္တရကုန်းတော်ပေါ်မှာ တည်ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ က မဟာသက္ကရာဇ် ၁၀၃ ခု တပေါင်းလပြည့်နေ့မှာ ရာမညတိုင်းက တပုဿ နဲ့ဘလ္လိက ကုန်သည် ညီနောင်တို့ ပင့်ဆောင်လာတဲ့ ဗုဒ္ဓဆံတော်တွေကို ဌာပနာတိုက်သွင်းပြီး တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။
ရွှေတိဂုံစေတီတော်ကြီးဟာ ပွင့်တော်မူပြီးဖြစ်တဲ့ ကကုသန် ဘုရားရဲ့ တောင်ဝှေးတော်၊ ကောဏာဂုံဘုရားရဲ့ ရေစစ်တော်၊ ကဿပဘုရားရဲ့ ရေသနုပ်တော်နဲ့ ဂေါတမဘုရားရဲ့ ဆံတော်တွေကို ဌာပနာထားတဲ့အတွက် လေးဆူဓာတ်ပုံ ရွှေတိဂုံလို့ဘွဲ့အမည်ရတာ ဖြစ်ပါတယ်။
