စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရေပိုးစားကျေးရွာအနီး၊ မုံရွာ-မန္တလေးကားလမ်းမှာ ဒီနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ကာလမ်းချော်တာကြောင့် ရန်ကုန်ကနေ မုံရွာဘက် မောင်းလာတဲ့ နယူးမန္တလာထွန်း ခရီးသည်တင် express ကားက လမ်းဘေးသစ်ပင် ဝင်တိုက်ခဲ့လို့ ၁ ဦး သေဆုံးခဲ့ပါတယ်။
ကားပေါ်မှာ ခရီးသည် ၃၀ လောက် လိုက်ပါလာခဲ့ပြီး ယာဉ်မတော်တဆဖြစ်ပွားခဲ့လို့ ယာဉ်နောက်လိုက် မျိုးကျော်မှာ ဦးခေါင်း၊ ရင်ဘတ်၊ ဒူးတွေမှာ ဒဏ်ရာရရှိလို့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ယာဉ်မောင်း ဇော်လင်းထွန်း အပါအဝင် ကားပေါ်ပါသူ ၈ ဦး ဒဏ်ရာအသီးသီး ရရှိခဲ့တာကြောင့် ဆေးကုသမှုခံယူနိုင်အောင် နီးစပ်ရာဆေးရုံကို ပို့ဆောင်ထားတယ်လို့ တိုင်းမီးသတ်ရုံးက သိရပါတယ်။
သေဆုံးသူမှာ ကားအကြားညပ်နေလို့ တိုင်းမီးသတ်ဦးစီးမှူး ဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က သွားရောက်ပြီး အချိန်အနည်းငယ်အကြာ ဆွဲထုတ်ကယ်ဆယ်ရေးတွေ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ယာဉ်မတော်တဆမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းဇော်လင်းထွန်းကို ချောင်းဦးမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)၊ ၃၃၇၊ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မုံရွာ-မန္တလေးကားလမ်း မြောင်လမ်းခွဲအနီး အာလ္လကပ္ပကျေးရွာမှာလည်း မိုးသည်းထန်စွာ ရွာသွန်းလို့ ကားအစီးရေ အတော်များများ ပိတ်ဆို့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။











