DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးညီလာခံကျင်းပနေစဉ် ကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ်ပွား (ရုပ်သံ)
DVB
·
May 26, 2017
ငြိမ်းချမ်းရေးညီလာခံကျင်းပနေစဉ် ကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ်ပွား (ရုပ်သံ)
Donate to DVB


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းဝေးကို နေပြည်တော်မှာ ကျင်းပနေချိန် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မေ ၂၅ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ တပ်စွဲထားတဲ့ ပွိုင့်ကုန်း ၂၁၁ ခေါ် ကုန်ကြမ်း၊ ဟုန်အိုင်၊ လောက်ပါကျိုင်း ဒေသရှိ တောင်ကုန်းတွေပေါ်ကို တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ်မတော် သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးကျော်တေချန်က ပြောပါတယ်။

“တိုက်ပွဲကတော့ လောက်ကိုင်ဘက်မှာမဖြစ်ဘူး။ တခြားနေရာတော့ ဖြစ်ရင်ဖြစ်မယ်။ ပင်လုံညီလာခံရောက်နေတော့ အသေးစိတ်သတင်းလည်းမရဘူး။ အခု ပင်လုံကျင်းပလာတော့ အခြေအနေက ကောင်းလာမယ်လို့ ထင်ပါတယ်။ အချိန်ကတော့ ယူရမှာပေါ။ ဒီနေ့ ဆွေးနွေး မနက်ဖြန်မရနိုင်ဘူးလေ။ တခုရှိတာက အစိုးရအနေနဲ့ တိုင်းရင်းသားတွေ အချင်းချင်း နားလည်ပေးရမယ်။ မကြာခင်မှာတော့ ကောင်းလာမယ့် အဖြေတခုတော့ ထွက်လာမယ်လို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။

လက်ရှိ နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ကိုးကန့်တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ ၇ ဖွဲ့လည်း  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ အနေနဲ့ တက်ရောက်လာခဲ့ကြတာပါ။

တိုက်ပွဲတွေရပ်ဖို့ လက်နက်ကိုင်အင်အားစုတွေ အားလုံးကို မေတ္တာရပ်ခံတဲ့အကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကို အစိုးရဘက်က သတ်မှတ်ပေးရမယ်။ တနိုင်ငံလုံး ပဋိပက္ခ ချုပ်ငြိမ်းစေချင်တဲ့ဆန္ဒ သူ့မှာ ရှိရမယ်။ အဲဒါကြောင့် အပစ်ခတ်ရပ်စဲဖို့ ကျနော်တို့ တောင်းဆိုခဲ့ကြပါတယ်။ အခုဆိုရင် ပင်လုံက တဘက်ကျင်းပနေတယ်။ မြောက်ပိုင်းမှာ ထိုးစစ်ဆင်နေတယ်။ ညီလာခံကို သူများမဝေဖန်ရအောင် ပင်လုံညီလာခံ ကျင်းပနေတဲ့အချိန် တပ်မတော်နဲ့ အစိုးရဘက်က အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုချင်ပါတယ်။ လက်နက်ကိုင် အင်အားစုများကိုလည်း အပစ်အခတ်ရပ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်။”

တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်အရာရှိတဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စိုးဝင်းနိုင်ကလည်း စစ်ပွဲတွေ အမြန်းဆုံးရပ်ပြီး ငြိမ်းချမ်းစေချင်ပြီလို့ ပြောပါတယ်။

“အားလုံးကို ငြိမ်းချမ်းစေချင်တယ်။ ကျနော်တို့က စစ်တိုက်နေရတဲ့လူတွေဆိုတော့ သိတယ်။ စစ်မဖြစ်ချင်ဆုံးကတော့ တပ်မတော်သားတွေပဲ။ ဘာလို့လဲဆို ကျနော်ကိုယ်တိုင် ရှေ့တန်းမှာနေခဲ့ရတယ်။ ရှေ့တန်းမှာ ပျက်စီးခဲ့ရတာတွေ ကျုပ်ကိုယ်တိုင်မြင်ခဲ့ရတယ်။ နှစ်ဘက်အဖွဲ့အစည်းတွေရဲ့ သေကျေမှုကတော့ အားလုံးခြုံလိုက်ရင် တိုင်းရင်းသားအားလုံးရဲ့ သေကျေပျက်စီးမှုပဲ။ စစ်ပွဲတွေကို ငြိမ်းချမ်းစေချင်ပါတယ်။”

လက်ရှိ နေပြည်တော်မှာ ရောက်ရှိနေတဲ့ UWSA၊ MNDAA၊ AA၊ KIA၊ TNLA၊ SSPP နဲ့ NDAA တို့ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ဟာ မနေ့က ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံခဲ့သလို ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ ဆွေးနွေးနေပါတယ်။

ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် အချင်းချင်းတွေ့ဆုံပြီး မျက်နှာချင်းဆိုင် စကားပြောတဲ့အတွက် တွေ့ဆုံမှု တိုးတက်မှု ရှိလာတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက မနေ့က မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ တွေ့ဆုံအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

သတင်း၊ ရုပ်သံ - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013