ထိုင်းအလှကုန်ပစ္စည်းတမျိုးမှာ တားမြစ်ဓာတုပစ္စည်း ပါဝင်နေတဲ့အတွက် သုံးစွဲဖို့ မသင့်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနက သတိပေးကြေညာလိုက်ပါတယ်။
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ပြည်တွင်းမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကို စစ်ဆေးနေရာမှာ ထုတ်လုပ်တဲ့ကုမ္ပဏီကို ထိုင်းဘာသာနဲ့ ဖော်ပြထားတဲ့ Shinete’ Giftset အမျိုးအစား အလှကုန်ဟာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါအမှတ်တံဆိပ် Night Cream အလှကုန်ပစ္စည်းမှာ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေတဲ့ Hydroquinone တားမြစ်ဓာတ်တုပစ္စည်း ပါဝင်နေတာ တွေ့ရ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိပ်သင့် ဓာတုပစ္စည်းတွေဟာ အရေပြားယားယံတာ ၊ ရောင်ရမ်းတာ၊ အဖြူ အနီကွက်တွေ ဖြစ်တာ၊ အရေပြားမှတဆင့် ခန္ဓာကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်တာနဲ့ ရေရှည်သုံးစွဲပါက အရေပြား ကင်ဆာရောဂါ ဖြစ်ပွားနိုင်တယ်လို့လည်း ကျန်းမာရေးဌာနက သတိပေးထားပါတယ်။











