DVB Logo
Home
မြန်မာသတင်း
အန်စီအေကိစ္စ နှစ်ဖက်ခေါင်းဆောင်များ ပြေလည်အောင် ညှိနှိုင်းရန် 'ဝ' ခေါင်းဆောင်တိုက်တွန်း
DVB
·
May 26, 2017
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) နဲ့ ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်ဖို့ 'ဝ' ပြည်သွေးစည်း ညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဆမ်ဆောင်းကားက တိုတ်တွန်းလိုက်ပါတယ်။

"အန်စီအေ လက်မှတ်ထိုးတာမထိုးတာနဲ့ ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ ပြေလည်အောင်ညှိနှိုင်းပြီး တရားဝင်တဲ့ အစည်းအဝေးတခု လုပ်ရင်ပိုကောင်းမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟိုအဖွဲ့ချန် ဒီအဖွဲ့ချန်ဆိုလို့ရှိရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူးလို့ ကျနော်မြင်ပါတယ်။"

နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကို တက်ရောက်ဖို့ ရောက်လာတဲ့ 'ဝ' တိုင်းရင်းသားခေါင်းဆောင်က ပြောကြားလိုက်တာပါ။

၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ်အစည်းအဝေးဟာ အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံး တက်ရောက်တဲ့အတွက် ရာနှုန်းပြည့် အောင်မြင်တယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျှံမှုန်းဆာခေါင်းက ပြောပါတယ်။

"ကျနော်တို့ အခု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပတာဟာ ကျနော်တို့က  အန်စီအေ ထိုးထားတဲ့ အဖွဲ့ဆိုတော့  အန်စီအေ စာချုပ်အတိုင်း လုပ်တယ်။ အန်စီအေရဲ့ လမ်းပြမြေပုံအတိုင်း စည်းဝေးဆွေးနွေးကြတယ်။ အခု ဒီအစည်းအဝေးမှာ အန်စီအေထိုးထားတဲ့ ၈ ဖွဲ့လုံး တက်လာတဲ့အတွက် ၁၀၀ ရာခိုင်နှုန်း အောင်မြင်တယ်။"

မေလ ၂၄ ရက်ကနေ ၂၈ ရက်နေ့ထိ ကျင်းပမယ့် ၂၁ ရာစု ပင်လုံရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့လုံး တက်ရောက်ခဲ့ပေမယ့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကတော့ တန်းတူဆွေးနွေးခွင့်မရတဲ့အတွက် တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးမှာ ယူအန်အက်ဖ်စီ အဖွဲ့ တက်ရောက်မှုမရှိပေမယ့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကတော့ အထူး ဖိတ်ကြားခံရသူတွေ အနေနဲ့ တက်ရောက်ခဲ့ပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013