DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားအား သတ်သည့် ၀ရမ်းပြေးထိုင်းရဲဆရာဝန်ကို မြန်မာက ထိုင်းဘက်ပြန်လွှဲ (ရုပ်သံ)
DVB
·
May 26, 2017
Donate to DVB


ထိုင်းနိုင်ငံ ဖစ်ခ်ျဘူရီခရိုင်မှာ မြန်မာအလုပ်သမား ၁ ဦး နဲ့ ထိုင်းဇနီးမောင်နှံ ၂ ဦးတို့ကို သတ်ပြီး မြန်မာပြည်ထဲ ထွက်ပြေးပုန်းရှောင်နေတဲ့ ၀ရမ်းပြေးထိုင်းရဲဆရာဝန် ဒေါက်တာဆူဖတ် လောဝ်၀ပ်ထနကို မြန်မာက ထိုင်းအာဏာပိုင်တွေဘက် မေ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ပြန်လည်လွှဲအပ်ခဲ့ပါတယ်။

မြန်မာ လ.၀.က ရဲအရာရှိတွေက သူ့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၉ ရက်က မော်လမြိုင်မှာ ဖမ်းမိခဲ့ပြီး တရားမ၀င် နိုင်ငံထဲ ခိုးဝင်မှု၊ မှတ်ပုံတင်အတုကိုင်ဆောင်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ကာ အခုလို ထိုင်းအာဏာပိုင်တွေ လက်ထဲ ပြန်လည်အပ်နှံလိုက်တာ ဖြစ်ပါတယ်။

သူ့ကို မြ၀တီ လ.၀.က ရဲမှူးကြီးလှမြင့် ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ လောက်က မြ၀တီတံတားပေါ် ခေါ်ဆောင်လာပြီး  ထိုင်းဘက်ခြမ်းက ဒုရဲချုပ် ထမ္မဆဒ်ဒီ ၀စ်ချားရယနဲ့အဖွဲ့က လာရောက်လက်ခံရယူကာ  တာ့ခ်ခရိုင်ဆရာဝန်နဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။

ဆေးစစ်ချက်အရ ဒေါက်တာဆူဖတ်မှာ မြန်မာအကျဉ်းထောင်ထဲ ၆ လကျော် နေခဲ့ရပေမယ့် ကျန်းမာရေးကောင်းမွန်နေတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ပိုင်လေယာဉ်နဲ့ သူ ပြစ်မှုကျူးလွန်ခဲ့ရာ ဖစ်ခ်ျပူရီခရိုင်ကို ခေါ်ဆောင်ခဲ့ပါတယ်။

ဒေါက်တာဆူဖတ် လောဝ်၀ပ်ထနဟာ ရဲမှူးကြီးတဦးဖြစ်ပြီး ဘန်ကောက်ထိုင်းရဲဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ပျောက်ဆုံးနေတဲ့ ထိုင်းဇနီးမောင်နှံ ၂ ဦးရဲ့ မော်တော်ကားကို ဒေါက်တာဆူဖတ်ရဲ့ နေအိမ်ဟောင်းတလုံးမှာ တွေ့ရှိကြောင်း သက်ဆိုင်ရာ မိဘတွေက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ရာမှာ တာဝန်ရှိသူတွေက ဖစ်ခ်ျပူရီခရိုင်ရှိ သူ့ရဲ့နာနတ်ခြံကို တူးဖော်ရှာဖွေခဲ့ပါတယ်။

အဲဒီမှာ ပထမဆုံးစတွေ့တဲ့ အရိုးစုရဲ့ ဒီအန်အေကို စစ်ဆေးရာမှာ ပျောက်ဆုံးနေတဲ့ ထိုင်းလင်မယားရဲ့ ဒီအန်အေမဟုတ်ဘဲ အိန္ဒဆိုသူ မြန်မာအလုပ်သမားတဦးရဲ့ အရိုးစုဖြစ်ကြောင်း လုပ်ဖ်ာကိုင်ဘက် မြန်မာအလုပ်သမားက ထွက်ဆိုခဲ့ပါတယ်။ ဒေါက်တာဆူဖတ်က  အိန္ဒကို သူ့ဇနီး နဲ့ ၀န်တိုပြီး ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့ကာ သူ့ကိုလည်း အလောင်းမြှုပ်ခိုင်းခဲ့တယ်လို့ အလုပ်သမားက ထွက်ဆိုပါတယ်။

အဲဒီနောက် အဲဒီနာနတ်ခြံထဲကနေ ထိုင်းလင်မယားရဲ့ အရိုးစုတွေရော၊ စုဆောင်းထားတဲ့ သေနတ်အမျိုးမျိုးပါ ဆက်လက်ဖမ်းဆီးရမိခဲ့တာပါ။

ဖစ်ခ်ျဘူရီ ခရိုင်တရားရုံးက ဒေါက်တာဆူဖတ်ကို သေဒဏ်ပေးခဲ့ပြီး လူသတ်မှုမှာ ပူးပေါင်းပါဝင်မှုနဲ့ သူ့သား ၂ ယောက်ကိုတော့ ထောင်ဒဏ်အပြစ်ပေးခဲ့ပါတယ်။

ဒေါက်တာဆူဖတ်ဟာ ဥပဒေကို ရင်မဆိုင်ဘဲ မြန်မာဘက်ခြမ်း ထွက်ပြေးခဲ့ကြောင်း သတင်းရထားတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က မြန်မာအာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။

သူဟာ နိုင်အောင်မင်း (အသက် ၆၂ နှစ်) ဆိုတဲ့ မြန်မာမှတ်ပုံတင် ကိုင်ဆောင်ပြီး နှလုံးဆီးချိုအထူးကုသမားတော် လုပ်ဆောင်ကာ မော်လမြိုင် ရာမညဟိုတယ်မှာ တည်းခိုစဉ် မြန်မာရဲတပ်ဖွဲ့က သူ့ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ကိုးကား -  မန်နေဂျာအွန်လိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013