မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်မှာ မေ ၂၄ ရက် ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုန်းတော်ကြီးသင်(ဘက) စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေ ရေနစ်မြုပ်နေပါတယ်။
စည်ပင်သာယာဈေး၊ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ သစ်ထုတ်လုပ်ရေးဝင်းနဲ့ ဗလီဝင်းတခု အပါအဝင် ချောင်းရိုးတလျှောက်ရှိ ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ လူနေအိမ်တွေထဲ ရေဝင်နစ်မြုပ်နေတာ ဖြစ်ပါတယ်။
ရေဘေးဒဏ်ခံနေရသူတွေအတွက် အစားအစာနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံတဦးဖြစ်တဲ့ ကိုဆူတိုးက ပြောပါတယ်။
ဒါ့အပြင် ဆင်သေချောင်းရေကြောင့် သောသုဇနရိပ်သာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကိုရင် ၁ ပါး ရေထဲ မျောပါသွားလို့ လက်ပန်လှ လောကဟိတ လူမှုကူညီရေးအဖွဲ့နဲ့ ဒေသန္တရမီးသတ်တပ်ဖွဲ့ဝင်တွေက အပူတပြင်း ရှာဖွေနေရာမှာ မနေ့ ညပိုင်းအထိ ရှာဖွေမတွေ့သေးပါဘူး။











