DVB Logo
Home
မြန်မာသတင်း
ယူအန်အက်ဖ်စီညီလာခံမတက်သည့်အပေါ် အချင်းချင်းနားလည်မှုယူနိုင်ဟု ငြိမ်းချမ်းရေးကော်မရှင် ပြော
DVB
·
May 25, 2017
ယူအန်အက်ဖ်စီညီလာခံမတက်သည့်အပေါ် အချင်းချင်းနားလည်မှုယူနိုင်ဟု ငြိမ်းချမ်းရေးကော်မရှင် ပြော
Donate to DVB

ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မတက်ရောက်တဲ့ အပေါ် အချင်းချင်း နားလည်မှုယူနိုင်တယ်လို့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောပါတယ်။

“ယူအန်အက်ဖ်စီက သူမတက်နိုင်တဲ့ အကြောင်းအရင်းကို တရားဝင်ကြေညာထားပြီး ဖြစ်ပါတယ်။ သူ့ကြေညာချက်ကို ဖတ်ကြည့်မယ်ဆိုရင် တဦးနဲ့တဦး နားလည်မှုရယူနိုင်မယ်လို့ ထင်ပါတယ်။”

ယူအန်အက်ဖ်စီဘက်က ညှိနှိုင်းနေတဲ့ အချက် ၉ ချက်ကို ပြေလည်မှုမရသေးဘဲ ရှေ့ကို တဆင့်ထပ်တိုးဖို့ မဖြစ်နိုင်သလို အထူးဖိတ်ကြားသူဆိုတဲ့အတွက် ဆွေးနွေးပိုင်ခွင့်မရလို့ မတက်ရောက်တာ ဖြစ်ကြောင်း UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။

“အခု ၂၁ ပင်လုံ ဖိတ်လာတဲ့အပေါ်မှာ ကျနော်တို့ အခက်အခဲကြုံတာကတော့ ကျနော်တို့ ဒီမှာ အစည်းအဝေးလုပ်နေတာ အစည်းအဝေးနဲ့လည်း ကပ်လျက်ဖြစ်နေတယ်။ နောက်သူတို့ ဖိတ်စာကလည်း ရောက်တာတော်တော်လေး နောက်ကျတယ်။ နောက်တခုက ကျနော်တို့ကို အထူးဧည့်သည်အနေနဲ့ ဖိတ်ကြားတယ်။ အထူးဖိတ်ကြားသူဆိုတာ စကားလုံးလှတယ်။ အမှန်က လေ့လာသူပါပဲ။ တခြား ကိုယ်စားလှယ်တွေနဲ့ တန်းတူဆွေးနွေးခွင့် ဆုံးဖြတ်ခွင့်မရှိတဲ့ အနေအထားအပေါ် မတက်သင့်ဘူးလို့ မြင်ပြီး မတက်ခဲ့တာ ဖြစ်တယ်။”

ယူအန်အက်ဖ်စီအနေနဲ့ အရင်ကတည်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (အန်စီအေ) လမ်းကြောင်းအတိုင်း ညှိနှိုင်းဆွေးနွေးသွားဖို့ သဘောတူထားတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆက်လက်ပါဝင်ဖို့ အခက်အခဲ မရှိနိုင်ဘူးလို့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

“ယူအန်အက်ဖ်စီရဲ့ အခက်အခဲက သွားရေးလာရေးခက်ခဲမှုတွေ အပေါ်မှာလည်း မူတည်တယ်လို့ ကျနော်ထင်ပါတယ်။ အခုဆိုရင် ကျနော်တို့ မြောက်ပိုင်း ညီနောင်မဟာမိတ်တွေလည်း အများတက်ရောက်လာတာဖြစ်တဲ့အတွက် ကျနော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒါဟာ အများကြီးပဲ အရှိန်အဟုန်နဲ့ ဖြစ်သွားလိမ့်မယ်လို့ ကျနော်မြင်ပါတယ်”လို့ ခွန်မြင့်ထွန်းက ဆက်ပြီး ပြောပါတယ်။

ယူအန်အက်ဖ်စီ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ စက်တင်ဘာလမှာ ကျင်းပပြီးစီးခဲ့တဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ပထမအကြိမ် အစည်းအဝေးမှာ တက်ရောက်ပါဝင် တင်ပြခွင့်ရခဲ့ပေမယ့် အခုကျင်းပနေတဲ့ ဒုတိယအစည်းအဝေးမှာတော့ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013