DVB Logo
Home
မြန်မာသတင်း
အရက်ဖိုးမပေးသဖြင့် ဦးဇင်းအား ရိုက်နှက်သတ်ဖြတ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီး
DVB
·
May 25, 2017
အရက်ဖိုးမပေးသဖြင့် ဦးဇင်းအား ရိုက်နှက်သတ်ဖြတ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီး
Donate to DVB

မြိတ်မြို့မှာ ဦးဇင်းတပါးဆီက အရက်ဖိုးတောင်းတာမရလို့ အသက်သေဆုံးတဲ့အထိ ရိုက်နှက်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်တယ်လို့ မြိတ်မြို့မ ရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ မေ ၁၉ ရက်နေ့က မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးကို သင်္ကန်းဝတ်ထား (မှတ်ပုံတင်မရှိ၊ သာသနာကဒ်မရှိ) သူတဦး သေဆုံးပြီးမှ ရောက်ရှိလာခဲ့ကြောင်းသိရပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်ကို သာမန်သေမှုသေခင်းအဖြစ်သာ ရေးဖွင့်ထားခဲ့ပြီး ဆေးရုံတာဝန်ရှိသူတွေရဲ့ ရင်ခွဲစစ်ဆေးချက်အရ သင်္ကန်းဝတ်ထားသူမှာ အသတ်ခံထားရကြောင်း အဖြေထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

မှုခင်းဆေးစာအရ သေဆုံးသူမှာ ဦးသောက(ခ) ဦးမြင်ဇော်မှာ ၀ဲဘက်နံရိုး ၃ ချောင်းမှာ ကျိုးသွားပြီး ၄ ချောင်းမြောက် နံရိုးအကျိုးတစမှာ နှလုံးအကာအမြှေးအား ဖောက်ဝင်ကာ သေဆုံးခဲ့တာလို့ မြိတ်မြို့ မရဲစခန်းမှ ဒုရဲမှူး မြင့်လွင်က ပြောပါတယ်။

“ကျနော်တို့ သေမှုသေခင်းနဲ့ အမှုဖွင့်ခဲ့ပေမယ့်ပြစ်မှု ကျူးလွန်သူကို ခြေချုပ်နဲ့ ထည့်ထားပါတယ်။ ဆေးစာမရသေးတော့ ကျနော်တို့လည်း လူသတ်မှုကို တတ်အပ်မပြောနိုင်ခဲ့ပါ ဘူး။ အခုဆေးစာရရှိပြီဖြစ်တဲ့အတွက် အမှုဖွင့်ဆောင်ရွက်ထားပါပြီ။”

ရဲတပ်ဖွဲ့မှ စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူအောင်ကြီး (ခ) ညီညီအောင်ဆိုသူမှာ မြိတ်မြို့၊ မြင့်မိုရ်ဆေးရုံလမ်းမှာ နေထိုင်သူဖြစ်ပြီး အခင်းမဖြစ်ပွားမီ ၅ ရက် လောက်အလိုက သင်္ကန်းဝတ် ဦးသောကကို နေအိမ်မှာ ခေါ်ထားကာ အလှူခံရရှိတဲ့ ဆွမ်းတွေကို အတူစားပြီး အလှူငွေတွေကို သူက အရက် သောက်၊ ဆေးလိပ်သောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့နေ့က အလှူခံရာမှ ပြန်လာတဲ့ ဦးသောကဆီက အရက်ဖိုး တောင်းတာမရလို့ မျက်နှာကိုလက်သီးနဲ့ထိုးတာ၊ ရင်ဘတ်ကို ဖနှောင့်နဲ့ ပေါက်တာတွေ ပြုလုပ်ခဲ့ရာ ဦးသောက ပျံလွန်တော်မူသွားလို့ ရာအိမ်မှူးကို အကြောင်းကြားပြီး ဆေးရုံပို့ခဲ့ရတယ်လို့ သိရပါတယ်။

ဦးသောကရဲ့အလောင်းကို မသင်္ကာလို့ ရင်ခွဲစစ်ဆေးကြည့်ရာမှာ လူသတ်မှု ကျူးလွန်ထားကြောင်း သိရှိခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေကို သေမှုသေခင်းမဟုတ်နိုင်ဘဲ လူသတ်မှုဖြစ် ကြောင်း အသိပေးခဲ့တာလို့ ဆေးရုံကြီးမှ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်ပြီး မြို့မရဲစခန်းက အောင်ကြီး (ခ) ညီညီအောင် ကို ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

မြတ်ထွဋ် ( မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013