
ဟင်္သာတမြို့က မကြာခဏ မီးထထတောက်နေတဲ့ နေအိမ်ကို ပိုင်ရှင်ဖြစ်သူက ဘုန်းကြီးကျောင်း လှူဒါန်းသွားမယ်လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ပန်းပဲတန်း ရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင်နေအိမ်တလုံးမှာ မေ ၁၃ ရက်နေ့ကစပြီး အလိုအလျောက် မီးထထလောင်နေ တာကြောင့် ဘုန်းကြီးကျောင်းမှာ လိုရာအသုံးပြုနိုင်ဖို့ နေအိမ်ဖျက်ပြီး လှူဒါန်းသွားမယ်လို့ အိမ်ရှင် ကိုရဲထွန်းဦးက ပြောပါတယ်။
"အကုန်လှူပစ်မယ်။ သွပ်တွေဆိုရင်လည်း ဘုန်းကြီးကျောင်းက ဂိုထောင်တွေ ဘာတွေမှာ အကာအရံသုံးလို့ရမယ်၊ သစ်တွေကတော့ ကောင်းရင်ကောင်းသလို အဆင်ပြေသလိုသုံးပေါ့။ ဘာမှမသုံးချင်လည်း နောက်ဆုံး ဆွမ်းချက်ရင် ထင်းလိုနေတာပဲလေ၊ မီးစိုက်လို့ရတယ်။"
စတင်ဖြစ်ပွားတဲ့ မေ ၁၃ ရက်မှ ၂၃ ရက်နေ့အတွင်း မီးထလောက်နေတာ ၁၀ ကြိမ်လောက် ရှိနေပြီဖြစ်ရာ မိသားစုအပြင် အိမ်နီးချင်းတွေပါ စိုးရိမ်နေကြတာကြောင့် အခုလို လှူဒါန်းတာလို့ ဆိုပါတယ်။ အများစိတ်ရှင်းစေရန်လှူဒါန်းလိုခြင်းဖြစ်သည်ဟုဆိုသည်။
အလိုအလျောက် မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုရဲထွန်းဦးရဲ့ဇနီး မဇာခြည်ဝင်းက "ပထမဆုံးစဖြစ်တဲ့ရက်က အိမ်ချင်းကပ်လျက် အစ်မအိမ်မှာ ထောင်ထားတဲ့ တံမြက်စည်းအဖျားကနေ မီးစွဲလောင်တာ၊ နောက်တစ်ရက် ပလတ်စတစ်မိုးကာအစလေး လောင်တယ်၊ နောက်ရက်ကျတော့ အိမ်နောက်ဖေးခန်းမှာ လောင်တယ်၊ အိမ်အတွင်းခန်း ပျဉ်ခင်းတွေ၊ အိမ်အပေါ်ထပ်၊ ရေချိုးခန်း နေရာအနှံ့ပဲ၊ အိမ်ရှေ့ခန်းဘက်တော့ ခုထိဘာမှမဖြစ်ဘူး။
အထူးဆန်းဆုံးတစ်ခုက နောက်ဖေးမှာ လှန်းထားတဲ့ ရေစိုထဘီကနေ မီးထလောင်တာပဲ" လို့ ပြောပါတယ်။
အခုလို အလိုအလျောက် မီးလောင်နေရတဲ့ အကြောင်းရင်းကိုသိနိုင်ဖို့ ဟင်္သာတတက္ကသိုလ် ဓာတုဗေဒဌာနနဲ့ ဘူမိဗေဒဌာနတာဝန်ရှိသူတွေက မီးလောင်ခံထားရတဲ့ သစ်သားနဲ့ အ၀တ်စတွေအပြင် မြေ၊ ရေနမူနာတွေ ရယူပြီး အမျိုးသားဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးသွားမယ်လို့ သိရပါတယ်။
နေအိမ်အား လှူဒါန်းဖို့ မေလ၂၃ ရက်နေ့က စတင်ဖျက်ဆီးနေပြီဖြစ်ပေမယ့် မီးလောင်ရတဲ့ အကြောင်းရင်းအတွက် တိကျတဲ့ အဖြေမထွက်သေးလို့ တာဝန်ရှိသူတွေက ဖျက်ဆီးမှုကို ခေတ္တဆိုင်းငံ့ခိုင်းထားကြောင်း သိရပါတယ်။
Ko Kyaw Soe Lynn











