DVB Logo
Home
မြန်မာသတင်း
ဇင်းကျိုက်မြို့တွင် ငွေကျပ်သိန်း ၃၈၀ ကျော်လိမ်လည်မှုဖြင့် လူ ၈ ဦး အမှုဖွင့်ခံရ
DVB
·
May 25, 2017
ဇင်းကျိုက်မြို့တွင် ငွေကျပ်သိန်း ၃၈၀ ကျော်လိမ်လည်မှုဖြင့် လူ ၈ ဦး အမှုဖွင့်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ ရပ်ကွက်အချို့က ဒေသခံ ၆၁ ဦးဆီက ငွေကျပ်သိန်း ၃၈၀ ကျော် လိမ်လည်မှုနဲ့ လူ ၈ ဦးကို အမှုဖွင့် အရေးယူထားတယ်လို့  ပေါင်မြို့မရဲစခန်းက ပြောပါတယ်။

ဇင်းကျိုက်မြို့၊ ရပ်ကွက်အချို့ရှိ ဒေသခံ ၆၁ ဦးဆီက ငွေကျပ် ၃၈၇၂၀၁၀၀ ကို လိမ်လည်ခဲ့တယ်လို့ဆိုပြီး ဒေါ်ငွေလေးရဲ့ တိုင်တန်းချက်အရ ကိုဉာဏ်ထွန်းပါ ၈ ဦးကို ပေါင်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၄၂၀ နဲ့ အမှုဖွင့်ခဲ့တာပါ။

ဇင်းကျိုက်မြို့ SCL ကုမ္ပဏီမှာ ရှယ်ယာငွေတွေကို အစုလိုက်အမြတ်ရမယ်လို့ ဆိုကာ ဒေသခံတွေဆီက ငွေကြေးလိမ်လည်ခဲ့သူ ၈ ဦးနဲ့ ပတ်သက်ပြီး ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ဖို့အတွက် မတ် ၂၃ ရက်နေ့က ဇင်းကျိုက်မြို့သူမြို့သား ၆၁ ဦးက မွန်ပြည်နယ်လွှတ်တော်ကို လာရောက် တိုင်တန်းတာလို့ ဇင်းကျိုက်မြို့နေသူ ဦးခင်မောင်အေးက ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ နေထိုင်သူအချို့ကို ဦးဉာဏ်ထွန်း၊ ဦးအောင်မွန်၊ ဦးမောင်အေး၊ ဦးမောင်လေး၊ မင်းရာဇာ၊ မစန်းငယ်တို့က ပန်းကုန်းကျေးရွာရှိ "ရွှေကျောင်း" ဘုန်းကြီးကျောင်းကို ခေါ်ယူပြီး သူတို့အဖွဲ့ဟာ ၆ နိုင်ငံ ပူးပေါင်းလုပ်ဆောင်နေတဲ့ (Saxon Capital Group – SCL Club Myanmar) ကုမ္ပဏီက ဖြစ်ကြောင်း၊ ကုမ္ပဏီမှာ အစုတစ်ခုရဲ့တန်ဖိုးကို ကျပ် ၁၈၀၀၀၀ သတ်မှတ်ထားပြီး ကြိုက်သလောက် အစုဝင်နိုင်ကြောင်းနဲ့ အစုရှယ်ယာဝင်မည်ဆိုပါက ကမ္ဘောဇဘဏ်တွင် မိမိရဲ့ ငွေစာရင်းစာအုပ်ရေးဖွင့်ပြီး ရရှိမည့်အကျိုးအမြတ်တွေကို ၎င်းငွေစာရင်းစာအုပ်သို့ ပြန်လည် လွှဲပြောင်းပေးမယ်လို့ စည်းရုံးပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစ်နာသူတွေက ဆိုပါတယ်။

တရားစွဲခံထားရသူ ဦးဉာဏ်ထွန်းက “ကျနော်လည်း ရှယ်ယာဝင်ပြီး ၂ ပတ်လောက် ကြာတော့ နောက်ထပ်မန်ဘာသစ်တွေကလည်း အကျိုးအမြတ်ကိုမျှော်ကိုးပြီး ထည့်ဝင်လာ ကြတာပါ။ အစကတည်းက ဒီလုပ်ငန်းဟာ ဘာအာမခံချက်မှမရှိသလို ကျနော်ကိုယ်တိုင်လည်း ဘာအာမခံချက်မှ မရထားပါဘူးလို့ ပြောခဲ့ပါတယ်" လို့ပြောပါတယ်။

ဇင်းကျိုက်မြို့တွင်းရှိ ရပ်ကွက်အချို့က နစ်နာသူဒေသခံ ၆၁ ဦးရှိပြီး ငွေကျပ် ၃၈၇၂၀၁၀၀ ဆုံးရှုံးခဲ့ကြောင်းနဲ့ ဇင်းကျိုက်မြို့အနီးရှိ ကျေးရွာတွေမှာလည်း ဆုံးရှုံးနစ်နာခဲ့သူတွေ စာရင်းနဲ့ ငွေပမာဏကို ထပ်မံစုံစမ်းထားတယ်လို့ တရားလိုပြုလုပ်တိုင်ကြားသူ ဒေါ်ငွေလေးက ပြောပါတယ်။

ဒေသခံတွေဆီက ငွေကြေးလိမ်လည်ခဲ့သူ ဦးဉာဏ်ထွန်း၊ ဦးမောင်လေး၊ ဦးမောင်အေး၊ ဦးအောင်မွန်၊ ဦးရာဇာ၊ ဦးအောင်ဒိုက်၊ ဒေါ်လင်းဌေးနဲ့ မစန်းငယ်တို့ကို ဥပဒေအရ အရေးယူပေးနိုင်ဖို့ မေလ ၁၆ ရက်နေ့က ဒေါ်ငွေလေးဆိုသူက တရားလိုပြုလုပ်တိုင်ကြားတဲ့ အတွက် ပေါင်မြို့မရဲစခန်းမှ (ပ)၂၁၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၄၂၀ နဲ့ အမှုဖွင့်အရေးယူထားပြီး ပေါင်မြို့မရဲစခန်းက အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ပေါင်မြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းဇော်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013