မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရတနာမာန်အောင်ရပ် ဖောင်တော်ထိပ် ရပ်တော်မူဘုရား အနီး မိတ္ထီလာတောင်ဘက်ကန်ရေပြင်မှာ မေလ ၂၄ ရက် မနက် ၇ နာရီလောက်က အမည်မသိသေးတဲ့ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတဦး သေဆုံးပြီး ရေပြင်မှာ ပေါ်လာတယ် လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။
တာဝန်ကျအရာရှိ ဒုရဲအုပ်အောင်သူဟိန်း က “အမည်နေရပ်ကို အဲဒီအနီးအနားက အုပ်ချုပ်ရေးမှူး တွေ မေးကြည့်တာတော့ မသိကြဘူးတဲ့၊ ဆက်ပြီးစုံစမ်းနေပါတယ်။ ပြင်ပဒဏ်ရာတော့ မတွေ့ရဘူး” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူးဦးဇော်နိုင်ထွန်း က “ဒီအရပ်ထဲကတော့ မဟုတ်ဘူး။ သိတဲ့သူများ ရှိမလားလို့တော့ မေးပေးနေတယ်”လို့ ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၇)နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/မဟုတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)











