Home
မြန်မာသတင်း
ဇီးကုန်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံး
DVB
·
May 24, 2017
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်က ကျေးရွာအုပ်စု ၃ ခုက ကျေးရွာ ၆ ရွာမှာ မေလ ၂၃ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နဲ့ အခြားအဆောက်အအုံ ၃၃ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စုပေါင်း ၂၆ စု လေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတယ်လို့ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ပြောပါတယ်။ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က “ကျနော်တို့တွေ လေဘေးသင့်သွားတဲ့ ရွာတွေကို တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက်နေပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက ပုံမှန်ပေးနေကျ အကူအညီတွေဖြစ်တဲ့ အမိုးလန်သွားတဲ့ အခြေအနေကို ကြည့်ပြီး ၃ သောင်း၊ ၅ သောင်း၊ နောက် အိမ်ပြိုလဲသွားရင် ၁ သိန်းနဲ့ လေဘေးသင့်မိသားစုတွေကို လူဦးရေ အသက်အပိုင်းအခြားအလိုက် ဆန်ရိက္ခာ ၇ ရက်စာကို ကူညီသွားမှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။ လေဘေးအန္တရာယ်ကြောင့် ဘုရားပျိုအုပ်စု တမံကြီးရွာမှာ နေအိမ် ၅ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း၊ ကျွဲတွင်းရွာမှာ နေအိမ် ၅ လုံး၊ ဘုရားပျိုရွာမှာ နေအိမ် ၄ လုံး၊ ကြံစိုက်ပျိုးခြံ ၂ ခြံ၊ ဆေးပေးခန်း ၁ ခု၊ ဒေါ်ကျော်ရွာမှာ နေအိမ် ၈ လုံး၊ ကြက်ခြံ ၁ ခြံ၊ ကံကလေးအုပ်စု သစ်ဖြူပင်ရွာမှာ နေအိမ် ၁ လုံး၊ မကျီးပင်ဆိပ်ရွာတွင် နေအိမ် ၂ လုံး၊ သင်တန်အုပ်စု သင်တန်ရွာ အ.လ.က ခွဲ ကျောင်းဆောင် ၂ ဆောင်၊ အမိုးလန် ပျက်စီးခဲ့ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုး ၄၆,၄၆,၃၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ရတယ်လို့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ဘုရားပျိုအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စိုးနိုင်က “ဖြစ်တဲ့အချိန်က ညနေ ၅ နာရီ ၁၅ လောက်မှာ မိုးနည်းနည်းကျလာတယ်။ နောက် လေပါတိုက်လာတယ်။ ဒီလိုမျိုး ၂၀၁၄ တုန်းက တကြိမ် ကြုံဖူးတယ်။ အဲဒီတုန်းက ပိုဆိုးတယ်ဗျ။ အခြားကနေလာပြီး ကူညီခဲ့တာတော့ မရှိပါဘူး။ မိုးချုပ်နေပြီဆိုတော့ ကိုယ့်ရွာက လူတွေနဲ့ပဲ ဝိုင်းဝန်းလုပ်ခဲ့ရတယ်။ ခုမနက်မှာတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ ကွင်းဆင်းကြည့်ပါတယ်။ ဘယ်လို အကူအညီတွေ ပေးမယ်ဆိုတာတော့ မသိသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ သတင်း - ဝဏ္ဏထွန်း၊ ဓာတ်ပုံ - ဇီးကုန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024