DVB Logo
Home
မြန်မာသတင်း
အားလုံးလွှမ်းခြုံသည့်သဘောတူညီချက်ဖြင့် အောင်မြင်သည့် ငြိမ်းချမ်းရေးဖန်တီးရန် ကေအန်ယူ ခေါင်းဆောင်တိုက်တွန်း
DVB
·
May 24, 2017
Donate to DVB

အနာဂတ်ဖယ်ဒရယ်နိုင်ငံ တည်ဆောက်ရာမှာ အရေးကြီးတဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကျန်ရှိနေသေးပြီး အန်စီအေ လက်မှတ်ထိုးထားသူတွေရဲ့ ပါဝင်မှုလောက်နဲ့ နိုင်ငံလွှမ်းခြုံပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သတိပေး ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မေလ ၂၄ ရက်မနက်က နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက သတိပေးပြောဆိုခဲ့တာပါ။

လက်ရှိ ညီလာခံကနေ ထွက်ပေါ်လာမယ့် သဘောတူညီမှုတွေဟာလည်း ဖြစ်စဉ်မှာ မပါဝင်နိုင်သေးတဲ့ ညီနောင်တိုင်းရင်းသားတွေ ပါဝင်မှုကို အထောက်အကူဖြစ်ဖို့လိုအပ်ပြီး ဘုံလက်ခံနိုင်တဲ့မူနဲ့ စံတန်ဖိုးတွေ အုတ်မြစ်ချဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

“အားလုံးတပြေးညီထားခြင်းကို ပြန်လည်ဆန်းစစ်ရန်လ လိုအပ်ပါသည်။ အားလုံးလွှမ်းခြုံသည့် သဘောတူညီချက်ဖြင့် အောင်မြင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖန်တီးကြပါဟု တိုက်တွန်းလိုပါတယ်။ ယင်းမှသာ ငြိမ်းချမ်းရေးအသီးအပွင့်များ ဖူးပွင့်နိုင်မည် ဖြစ်ပါတယ်”လို့ မိန့်ခွန်းမှာ ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးက ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုပြီး အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုအတွက် အခြေခံကောင်းတွေ ဖြစ်ဖို့လည်း မျှော်လင့်ထားကြောင်း ပြောပါတယ်။

လတ်တလော ရလဒ်ရရေး ဦးတည်တဲ့ ဆွေးနွေးမှုဟာ တင်းကျပ်တဲ့ အချိန်အကန့်အသတ်မှု ဘောင်အတွင်းမှာ သက်ဆိုင်ပါဝင်သူတွေအားလုံး လှောင်ပိတ်မိနေသလို ဖြစ်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

“အားလုံးအတွက် ရှင်းလင်းတဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်၊ ဝိဝါဒမကွဲသော နားလည်မှုနှင့် ပြောင်းလဲတိုးတက်မှုအဆင့်၊ ကဏ္ဍများသည် ကွဲကွဲပြားပြားရှိရန် လိုအပ်ပါတယ်။ ယခုလတ်တလော အခြေအနေမှာ ရလဒ်ရရေး ဦးတည်သည့် ဆွေးနွေးညှိနှိုင်းမှုများနှင့် တင်းကျပ်လှသည့် အချိန်ကန့်သတ်မှုဘောင်အတွင်းတွင် သက်ဆိုင်ရာ ပါဝင်သူအားလုံး လှောင်ပိတ်မိနေသလိုတော့ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တင်းတင်းကျပ်ကျပ် အချိန်အကန့်သတ်ထားလျက် ရလဒ်ရရေးကို ဦးတည်ခြင်းသည် မှန်ကန်မှုရှိ၊ မရှိ သို့မဟုတ် လုံလောက်သည့် အချိန်အတိုင်းအတာတခုအတွင်း အကျေအလည် ညှိနှိုင်းဆွေးနွေးမှုက ထွက်ပေါ်လာသော သဘောတူညီချက်များသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ဦးတည်လျက် အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးမှာ မိုပို၍ အရေးကြီးပါသလား ဟူသည်ကို သုံးသပ်ကြရန်လည်း လိုအပ်ပါတယ်။”

နိုင်ငံရေးဆွေးနွေးပွဲတွေကို တနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်တယ်၊ အကန့်အသတ် ဘောင်အတွင်းမှ ဖြစ်စေ၊ ပုံပြသဘောအရ ဖြစ်စေ အလျင်စလိုပြုလုပ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူအပြုသလို ပြဿနာကို ဖြေရှင်းနိုင်မယ်မထင်တဲ့အကြာင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လုပ်ငန်းစဉ်အပိုင်း အားနည်းချက်တွေ ကြီးကြီးမားမား ရှိနေတယ်လို့လည်း ကေအန်ယူ ခေါင်းဆောင်က ဝေဖန် ထောက်ပြသွားပါတယ်။

ဒီညီလာခံမှာ  ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက  အန်စီအေ အပစ်ရပ်လက်မှတ်ထိုးတဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အနေနဲ့ တက်ရောက်ခဲ့ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013