DVB Logo
Home
Lead Story
ချင်းပြည်နယ်ရဲ့ ပုံရိပ်တခု သို့မဟုတ် လေသာတောင်နှင့် ရှားလုမ်ခံတပ်
DVB
·
May 24, 2017
ချင်းပြည်နယ်ရဲ့ ပုံရိပ်တခု သို့မဟုတ် လေသာတောင်နှင့် ရှားလုမ်ခံတပ်
Donate to DVB

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ ပြည်နယ်များအနက် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးသောပြည်နယ် ဖြစ်သည့်အလျောက် အအေးချမ်းဆုံးသော ပြည်နယ်တခု အဖြစ်ပါ မှတ်တမ်းတင်မိသည်။

ချင်းပြည်နယ်၏ မြို့တော်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၁၂၀ ပေ အမြင့်တွင် တည်ရှိပြီး မြို့သစ်ရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်၊ ဈေးသစ်ရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ကျော်ဘုတ်ရပ်ကွက် ဆိုပြီး ရပ်ကွက်ကြီး ၆ ခုဖြင့် ဖွဲ့စည်းထားသည်။ စီးပွားရေးအနေဖြင့် တောင်ယာစိုက်ပျိုးခြင်း လုပ်ငန်းများကိုသာ အများဆုံး လုပ်ကိုင်ကြပြီး အအေးပိုင်းတွင် ပေါက်ရောက်သည့် မုံညင်း၊ ဂေါ်ဖီထုပ်၊ ကြက်သွန် အနီ၊ အဖြူ စသည့် သီးနှံများကို အများဆုံး စိုက်ပျိုးကြသည်။

ချင်းပြည်နယ်သို့ နှစ်စဉ် ပြည်တွင်းပြည်ပဧည့်သည်များ အဆက်မပြတ် အလည်အပတ် ဝင်ရောက်မှု များပြားလျက်ရှိနေပြီး ချင်းပြည်နယ်သို့ လာရောက်ကြသော ဧည့်သည်များအနေဖြင့် ချင်းပြည်နယ်၏ အမှတ်အသားဖြစ်သော ရိဒ် ရေကန်တို့အပြင် အခြား စိတ်ဝင်စားစရာကောင်းသော ချင်းပြည်နယ်၏ သမိုင်းများတည်ရှိသော နေရာတခုသို့လည်း မရောက်မဖြစ်အောင် သွားလေ့ရှိကြကြောင်း သိရသည်။

အဆိုပါ နေရာကား ချင်းပြည်နယ် တီးတိန်နယ်တွင် တည်ရှိသော လေသာတောင်နှင့် ရှားလုမ်ခံတပ်တို့ပင် ဖြစ်သည်။

လေသာတောင်အား အချို့က လေထန်ကုန်းဟုလည်း ခေါ်ဝေါ်ကြပြီး ချင်းဘာသာဖြင့် (Thang) ဟု ခေါ်ဝေါ်ကြောင်း သိရသည်။ အဆိုပါ လေသာတောင်ကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှတဆင့်သွားလျှင် ယာဉ်စီးချိန် ၁ နာရီခွဲခန့် အကြာလောက်ဖြင့် ရောက်နိုင်ပြီး မြို့တော် ဟားခါးမှဆိုလျှင် ခရီးမိုင်ပေါင်း ၉၀ ကျော် ဝေးနေသေးသည်။

လေသာတောင်သည် သာယာလှပါသော နေချင်စဖွယ် အေးချမ်းလှသော နေရာတခုဖြစ်ပြီး ချင်းပြည်နယ် ကနေဒီတောင်နှင့် တဆက်စပ်တည်း တည်ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၀၀၀ ကျော်မြင့်ကြောင်း သိရသည်။ လေသာတောင်တွင် ချင်းပြည်နယ်၏ အတိတ်နောက်ခံသမိုင်းများ တည်ရှိနေပြီး ရှေးယခင်က နယ်ချဲ့များကို နောက်ဆုံးခံတိုက်ခဲ့သော ခံတပ်တခုလည်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက စစ်သင်္ချိုင်းတခုလည်း ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

လေသာတောင်သည် နာမည်နှင့်လိုက်ဖက်စွာ တောင်ကြောကြီးများအား ကန်လန့်ပိတ် အနေအထားဖြစ်ကာ အဆိုပါတောင်ကြောမှ လေများကို ခုခံလိုက်သည့်ပုံစံ ဖြစ်သဖြင့် လေများက တောင်ခြေမှ အပေါ်သို့ လျှံတက်လာကာ တောင်ကမ်းပါးတွင် အင်္ကျီ၊ ဦးထုပ် စသည့်ပစ္စည်းများ ပစ်ချပါက တောင်အောက်သို့ ကျမသွားဘဲ တောင်အောက် လေထုမှ အထက်သို့ တွန်းပို့နေသဖြင့် အပေါ်သို့သာ ပြန်လည် တက်ရောက်နေသည်။

လေသာတောင်အနီးတွင် ချင်းတိုင်းရင်းသား ကျေးရွာပေါင်း ၇ ရွာခန့်ရှိပြီး တီးတိန်မြို့နှင့် ၂၅ မိုင်ကျော် ကွာဝေးသည်။ အဓိကနေထိုင်ကြသော မျိုးနွယ်စုများမှာ စီးယင်းနှင့် ခွာနူးတိုင်းရင်းသားမျိုးနွယ်စုတို့ဖြစ်ပြီး အဆိုပါဒေသတွင် အာလူးနှင့် အခြား ဆေးမြစ်၊ ဆေးဥများ ထွက်ရှိနေသည်။ လေသာတောင်တွင် အများဆုံး ပေါက်ရောက်နေသော အပင်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၀၀၀ ကျော်မှ ပွင့်သည့် တောင်ဇလပ်ပန်းပင်များပင် ဖြစ်သည်။ ထင်းရှူးပင်များ အနည်းငယ် ပေါက်ရောက်ပြီး သစ်ခွရိုင်းများ အလွန်များပြားစွာ တွေ့ရသည်။

လေသာတောင်အား ဒေသအခေါ်အားဖြင့် ဖို့တဝှိုက်တောင်ဟုလည်း အမည်တပ် ခေါ်ဝေါ်ကြသေးသည်။ ဖို့တဝှိုက်တောင်ဟု ခေါ်ဆိုရခြင်းမှာ ချင်းပြည်နယ်၏ နောက်ဆုံးခံတပ်ဖြစ်သော ရှားလုမ်မြေကတုတ်ခံတပ်အား (၁၈၈၉ ခုနှစ်၊ မေလ ၄) ရက်နေ့တွင် သိမ်းပိုက်ကာ ချင်းပိုင်နက် နယ်မြေအားလုံးကို စိုးမိုးအုပ်ချုပ်ခဲ့သူ၊ (၁၈၈၉ ဇန်န၀ါရီလ ၄) ရက်နေ့တွင် ထုတ်လိုင်ခံတပ် (အမှတ်-၄ ခံတပ်) အား စတင်တည်ဆောက်ခဲ့သူ အထက်ဗမာပြည်တွင် ဗြိတိသျှဘုရင့်တပ်မတော်အား ကွပ်ကဲသော တပ်မမှူး ဗိုလ်ချုပ်ဂျော့ဝှိုက်ကို အမည်စွဲကာ ခေါ်ဝေါ်ထားကြောင်းလည်း သမိုင်းမှတ်တမ်းများအရ သိရသည်။

လေသာတောင်တွင် အထင်ကရအားဖြင့် လက်ဝါးကပ်တိုင်တခုကို စိုက်ထူထားပြီး အဆိုပါ လက်ဝါးကပ်တိုင်တွင် ချင်း၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာဖြင့် မှတ်တမ်းအချို့ကို ရေးထိုးထားသည်ကို လေ့လာနိုင်သည်။ အဆိုပါ လက်ဝါးကပ်တိုင်အား ချင်းခရစ္စယာန် ယုံကြည်သူတို့သည် ယေရှုခရစ်တော် မေရှိယဘုရားရှင်၏ ကျေးဇူးတော်၌ လွတ်မြောက်ခြင်း သင်္ကေတဟု လက်ဝါးကပ်တိုင်မှတ်တမ်းတွင် ရေးထိုးထားပြီး သိက္ခာတော်ရ ဆရာတော်များ၊ မိသားစုများနှင့် (၁၈၈၉ ခုနှစ် စက်တင်ဘာလ ၂၈) ရက်နေ့တွင် စီးယင်းချင်းလူမျိုးများ၏ နယ်ချဲ့ခုခံရေးတိုက်ပွဲတွင် ကျဆုံးခဲ့သော ဗြိတိသျှ ဘုရင့်တပ်မတော်မှ ဗိုလ်မှူးအိပ်ခ်ျ အက်ဖ် စတီဗင်တို့အတွက် အောက်မေ့ဖွယ် စိုက်ထူကာ ယခင် ထုတ်လိုင် မျက်နှာဖြူသင်္ချိုင်းမှ ဒုတိယကမ္ဘာစစ်သင်္ချိုင်းရှိရာ ယခု လေသာတောင်သို့ ပြောင်းရွှေ့စိုက်ထူထားကြောင်း သိရသည်။

အလည်အပတ် လေ့လာသူများအနေဖြင့် လေသာတောင်မှတဆင့် လေသာတောင်နှင့် မနီးအဝေး ၆ မိုင်ခန့်အကွာတွင် ရှားလုမ်မြေ ကတုတ်ခံတပ်သို့လည်း သွားရောက်လေ့လာနိုင်ပြီး ရှားလုမ်ခံတပ်သို့ လေသာတောင် မရောက်ခင် သိုင်းငယ်ကျေးရွာမှ တီးတိန်သို့ လမ်းမခွဲဘဲ ဖလမ်းသို့အသွား လမ်းမပေါ်မှာ အောက်ဘက်သို့ အဆင်းလမ်းအတိုင်း သွားရသည်။ ရှားလုမ်ခံတပ်တွင် ယခင် မြေကတုတ် ခံတပ်အဆောက်အဦဟောင်းများ၊ ကျဆုံးသွားခဲ့သော ရဲဘော် ရဲမေများ၏ အမှတ်တရ ကျောက်စာများ၊ အမှတ်အသားများနှင့် ရှားလုမ်ခံတပ်သမိုင်းအား ရေးထွင်းထားသော ကျောက်စာများ တည်ရှိသည်။

ချင်းပြည်သို့ လေ့လာလည်ပတ်မည်ဆိုပါက ချင်းပြည်နယ်၏ အထင်ကရ အသည်းပုံ ရိဒ်ရေကန်အပြင် ချင်းပြည်နယ်၏ စိတ်ဝင်စားဖွယ် နယ်ချဲ့ဆန့်ကျင်ခဲ့ပုံ သမိုင်းအမှတ်အသားများရှိရာ လေသာတောင်နှင့် ရှားလုမ်ခံတပ်အားလည်း လာရောက် လေ့လာသင့်ပြီး အဆိုပါနေရာများသို့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှတဆင့် သွားရောက်လေ့လာမည်ဆိုပါက ဆိုင်ကယ်ခရီးနှင့်ပင် သက်သာစွာ သွားရောက် လေ့လာနိုင်ပြီး ကလေးမြို့မှ မနက်ခင်း စောစောထွက်ကာ ည အစောပိုင်းတွင် ကလေးမြို့သို့ ပြန်လည်ရောက်ရှိ အနားယူနိုင်ပြီး ညအိပ်လေ့လာနိုင်ပါက ပိုမိုပြည့်စုံသော စိတ်ဝင်စားဖွယ်ရာ သမိုင်းများနှင့် ရာသီဥတု၏ အေးချမ်းမှုများကို ခံစားနိုင်မည်ဖြစ်ကြောင်း ဤဆောင်းပါးဖြင့် ဧည့်သည်များအား လမ်းညွှန်တင်ပြမှု ပြုလိုက်ရပါတော့သည်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013