
တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်လာတဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တရုတ်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဖြေကြားသွားတာပါ။
ဦးဇော်ဌေးက “မပါဘဲ လုံးဝမဖြစ်နိုင်ဘူးလို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကျနော်တို့ သမိုင်းကြောင်း ပြန်ကြည့်လိုက်ရင် ဗမာပြည်ကွန်မြူနစ်ပါတီ ဦးနေဝင်းလက်ထက်မှာ ဘာကြောင့် ချုပ်ငြိမ်းသွားရလဲပေါ့နော်။ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကျနော်တို့ ပထဝီနိုင်ငံရေးအရ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အိမ်နီးချင်းကို လဲလှယ်လို့ မရပါဘူး။ လဲလှယ်လို့မရတဲ့အပေါ်မှာ ကျနော်တို့နိုင်ငံရဲ့ အကျိုးစီးပွားပေါ့နော်။ ကိုယ့် National Interest (အမျိုးသားအကျိုးစီးပွား) ဘယ်လိုမြှင့်တင်မလဲဆိုတဲ့ အချက်က အဓိကဖြစ်ပါတယ်။ နောက်တချက်က တရုတ်နဲ့ အစဉ်အလာ အိမ်နီးချင်း မဟာမိတ်နိုင်ငံတွေ ဖြစ်ပါတယ်။ နောက်ဆုံး ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဘက် လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ကမ္ဘာ့အခင်းအကျင်းပေါ့ဗျာ။ အခုနောက်ဆုံး နိုင်ငံတကာ အစီအစဉ်ပေါ့။ ဒီအနေအထားတွေက ကြည့်လိုက်ပါ။ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက နိုင်ငံတကာမှာလည်း အရေးပါတဲ့ကဏ္ဍမှာ ရှိပါတယ်။ အလားတူပဲ အာဆီယံမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍရှိလို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍ ရှိပါတယ်။ သို့သော် ကျနော်တို့နိုင်ငံရဲ့ မူဝါဒ နှစ်နိုင်ငံကြားမှာရှိတဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နဲ့ အတူပေါ့နော်။ ဒါတွေ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
၂၁ ရာစုပင်လုံညီလာခံမှာ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့နဲ့ ကေအိုင်အေ အပါအ၀င် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ တက်ရောက်ဖို့ တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.









