DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် ၂၁ ရာစု ပင်လုံညီလာခံ မိန့်ခွန်း (ရုပ်သံ)
DVB
·
May 24, 2017
ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် ၂၁ ရာစု ပင်လုံညီလာခံ မိန့်ခွန်း (ရုပ်သံ)
Donate to DVB

ဒီကနေ့ မေလ ၂၄ ရက်နေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့မိန့်ခွန်းကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

ညီလာခံအပေါ် မျှော်လင့်ချက်

“ဒီညီလာခံကြီးဟာ မျှော်လင့်ချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ထုတ်နိုင်မယ့် ဖိုရမ်တခုဖြစ်ပါလိမ့်မယ်။ အဲဒီလိုအနေအထားကနေ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးမယ့် စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားပေးမယ့် နည်းလမ်းတွေ၊ ဖြေရှင်းချက်တွေ ရှာဖွေတွေ့ရှိလာမှာလည်း ဖြစ်ပါတယ်။”

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ နိုင်ငံအတွက်၊ ပြည်သူအတွက် အရေးကြီးတဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ဆွေးနွေးနိုင်တဲ့အဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်တယ်၊ အနှစ်နှစ်အလလ မျှော်လင့်ခဲ့ကြတဲ့ သမိုင်းတွင်မယ့် အခါသမယ၊ နိုင်ငံရေးဆွေးနွေးမှု သမိုင်းသစ်ကို ကျမတို့အားလုံး အတူတကွ စတင်ဖွင့်လှစ်ကြတော့မှာဖြစ်တယ်။”

ငြိမ်းချမ်းရေးပန်းတိုင်

“ဒီကနေ့ ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ ကျမတို့အနေနဲ့ ပြည်ထောင်စုတဝန်းက ပြည်သူတွေကို အသိပေးပြောကြားချင်တဲ့ အဓိကရည်မှန်းချက် ၃ ရပ်ရှိပါတယ်။ ပထမဦးဆုံးအချက်ကတော့ ကျမတို့ ဦးတည်လျှောက်လှမ်းနေတဲ့ပန်းတိုင် ဖြစ်ပါတယ်။ ကျမတို့နိုင်ငံ၊ ကျမတို့သမိုင်းကြောင်းမှာ ရှည်ကြာလှပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဖြေရှင်းချက်ဟာ အားလုံး သဘောတူ လက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ်ဖြစ်တယ်ဆိုတာကို အားလုံးနီးပါးက လက်ခံထားပြီး ဖြစ်ပါတယ်။  နိုင်ငံရေးပြဿနာတွေ ဖြေရှင်းချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးဟာ ကျမတို့ရဲ့ ပန်းတိုင်ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို အရောက်လှမ်းနိုင်မှာလား ဆိုတာကတော့ ဒီကနေ့ ကျမတို့အားလုံးရဲ့ လက်ဝယ်မှာ ရှိနေပါတယ်။ ဒီတာဝန်ဟာ ကျမတို့အားလုံးရဲ့ ပခုံးထက်မှာ ကျရောက်နေပါပြီ။ ဒါကို ရှောင်လွှဲဖို့၊ ဒါကို ရှောင်ဖယ်ဖို့၊ ဒါကို နောက်တွန့်ဆုတ်ဖို့  ဘယ်သူကမှ ဆန္ဒရှိလိမ့်မယ်လို့ မထင်ပါဘူး။ ငြိမ်းချမ်းရေးအတွက် ကျမတို့ ပေးဆပ်ရတဲ့ စွမ်းအားတွေ၊ ယုံကြည်မှုတွေ အလေးအမြတ်ထားရှိမှုတွေ ဒီနိုင်ငံ ဒီပြည်ထောင်စုနဲ့ ကျမတို့ရဲ့ တိုင်းရင်းသားပြည်သူတွေကို အလင်းရောင် ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအလင်းရောင် မှိန်ဖျော့လာမှာလား၊ ဒီအလင်းရောင် ပိုပြီး တောက်ပလာမှာလား ဆိုတာက ကမ္ဘာကြီးမှာ မြန်မာရဲ့နေရာကို ပြသလာပါလိမ့်မယ်။”

ဒီမိုကရေစီဖက်ဒရယ် အခြေခံအုတ်မြစ်

“အခုညီလာခံကြီးမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံမူတွေကို ဆွေးနွေးညှိနှိုင်းပြီး အတည်ပြုပေးရတော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုနှစ် ပင်လုံ ပထမအစည်းအဝေး ရပ်နားပြီးနောက် ၆ လအကြာမှာ အခြေခံမူတွေ ထွက်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျမတို့နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းပြီးတော့ ကြည့်နေကြပါ။ ၂၀ ရာစုနှစ်ပင်လုံစာချုပ်နဲ့ ငြိမ်းချမ်းရေးရရှိပြီးနောက်မှာ ပြည်တွင်းစစ်မီးလျှံတွေ တဟုန်းဟုန်း တောက်လောင်ခဲ့ပါတယ်။  နှစ်ပေါင်း ၇၀ လောက်ကြာရှည်ခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ် အဆိုးသံသရာမှာ ကျမတို့နိုင်ငံရဲ့ တည်ငြိမ်မှု၊ အေးချမ်းမှု၊ တိုးတက်မှုတွေကို စတေးခဲ့ရပါတယ်။ တဆက်တည်းမှာပဲ ကျမတို့ တိုင်းရင်းသားပြည်သူတွေ  မျိုးဆက်တဆက်ပြီးတဆက် လူမှုစီးပွားနဲ့  စိတ်ဓာတ် အညွန့်ကျိုးခဲ့ရုံသာမက ကျမတို့နိုင်ငံရဲ့ အနာဂတ်ကိုပါ တဖြည်းဖြည်းချင်း ပျက်သုဉ်းစေခဲ့ရပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခထောင်ချောက်က ဒီကနေ့အချိန်ထိ မလွတ်မြောက်နိုင်သေးတဲ့ ကျမတို့နိုင်ငံဟာ ကျန်တဲ့နိုင်ငံတွေနဲ့ အလှမ်းမကွာရအောင် မနည်းအားထုတ် ကြိုးပမ်းနေရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီကနေ့ ညီလာခံကြီးကတော့ ကျမတို့ ပြည်သူတွေရဲ့ ခေတ်အဆက်ဆက် မျှော်လင့်ချက်တွေအတွက် အလင်းရောင်လေးတစ အဖြစ် ထွက်ပေါ်လာခဲ့ပါပြီ။ ဒီအလင်းရောင် မှိန်ပျပျလေး ထွက်ပေါ်လာဖို့ ကျမတို့ ပြည်သူတွေ နှစ်ပေါင်း ၇၀ နီးပါး စောင့်ခဲ့ရတာ ဖြစ်ပါတယ်။”

အန်စီအေ ပေါ်ပေါက်လာခြင်း

“တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရေး ဖြစ်ပါတယ်။ အခုလို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) က တံခါးဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီတံခါး ပွင့်လင်းနိုင်စေခဲ့တဲ့ အန်စီအေဟာလည်း တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ သမိုင်းတလျှောက် ပြန်ကြည့်ရင် အပစ်ရပ်သဘောတူစာချုပ်တွေ အသီးသီး ချုပ်ဆိုခဲ့ကြပေမယ့် အပစ်ရပ်လုပ်ငန်းစဉ် ခိုင်မာရေး၊ အပစ်ရပ်ပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ် ဖြစ်မြောက်ရေးတို့အတွက် အာမခံချက်တွေ မရှိခဲ့ပါဘူး။  အာမခံချက် ၂ ရပ်ကို ရရှိစေဖို့ နှစ်ဦးနှစ်ဘက် ကတိကဝတ်ပြုကြမယ့် သဘောတူစာချုပ်တရပ်ရှိဖို့ လိုတယ်ဆိုတဲ့ အယူအဆနဲ့ အန်စီအေဆိုတာ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။”

ညှိနှိုင်းဆောင်ရွက်ရေးမူ

“ကျမတို့ လက်ခံကျင့်သုံးနေတဲ့ ညှိနှိုင်းဆောင်ရွက်ရေးမူ ဖြစ်ပါတယ်။ ကျမတို့ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရ ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးကို အခြေခံပြီး ကျမတို့အနေနဲ့ နိုင်ငံတော်ရဲ့ ရှေ့ခရီးအတွက် လျှောက်လှမ်းရာမှာ အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ခြေလှမ်းတွေ လှမ်းနေတာဖြစ်ပါတယ်။ ပေါ်ပင် အများကြိုက်မယ့်နည်းတွေရှာပြီး ဖိအားပေးတာမျိုး၊ နိုင်ငံရေးအရ အကျပ်ကိုင်တာမျိုး ကျမတို့ လုပ်မှာမဟုတ်ပါဘူး။ အားလုံးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းပြီး အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေရအောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ သဘောထားကွဲလွဲမှုတွေမှ ဘုံသဘောတူညီချက်တွေ ထွက်ပေါ်လာအောင် ညှိနှိုင်းဆွေးနွေးကြရာမှာ ယဉ်ကျေးတာဟာ ပျော့ညံ့တာ မဟုတ်ပါဘူး။ ညှိနှိုင်းတာဟာ အလျှော့ပေးတာမဟုတ်ပါဘူး။ ရိုးသားတည်ကြည်မှုနဲ့ ယုံကြည်မှုကို အားလုံး သတိတရား၊ အသိတရားနဲ့ ဆင်ခြင်ကျင့်သုံးကြဖို့ လိုအပ်ပါတယ်။ ဘယ်သူနဲ့မဆို စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ စိုးရိမ်စရာ မလိုအပ်ပါဘူး။ ကွဲပြားမှုတွေ ပိုပြီး ကြီးမားလာစေနိုင်တဲ့ ပြဿနာတွေကို အာရုံစိုက်မနေကြဘဲ ကျမတို့အချင်းချင်း ပေါင်းစည်းမှုတွေ ပိုပြီးခိုင်မာလာစေနိုင်တဲ့ အဆိုပြုချက်တွေကို ရှာဖွေဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုဟာ နားလည်မှု၊ ရင်းနှီးမှုကို တိုးပွားစေပြီး စာနာနားလည်မှု မျှဝေခံစားမှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အဝေးကနေ စကားလုံးတွေ၊ ပြောကြားချက်တွေကို နားထောင် အနက်ကောက်ပြီး သုံးသပ်နေတာထက် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းကြတာက တူညီတဲ့ သဘောထားတွေကို ဖော်ထုတနိုင်စေမှာဖြစ်ပါတယ်။”

အန်စီအေ ထီးအောက်ရောက်ရှိအောင် တွေ့ဆုံဆွေးနွေးရေးတံခါးဖွင့်ထား

“၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်ရာမှာ ဖက်ဒရယ်စနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မူတွေ ထွက်ပေါ်လာအောင် ဦးတည်ကြိုးပမ်းသွားဖို့ မျှော်မှန်းထားပါတယ်။ တချိန်တည်းမှာ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အန်စီအေထီးရိပ်အောက် ရောက်ရှိအောင် တွေ့ဆုံဆွေးနွေးရေး တံခါးကို ဖွင့်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013