စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း သက်တမ်းလွန် အစားအသောက်နဲ့ ဆေးဝါးတွေ တွေ့ရှိပါက FDA က သိမ်းဆည်း ဖျက်ဆီးသွားမယ်လို့ ကသာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ဦးစီးအရာရှိ ဒေါ်အေးချမ်းမြတ်က ပြောပါတယ်။
အင်းတော်မြို့မဈေးအတွင်း မေ ၂၃ ရက်၊ မနက် ၉ နာရီအချိန်က ကသာခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA)၊ မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ တိမွေးကု၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်တို့ ပူးပေါင်းပြီး သက်တမ်းလွန် အစားအသောက်တွေနဲ့ ဆေးဝါးတွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ကသာခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ ဦးစီးအရာရှိ ဒေါ်အေးချမ်းမြတ်က “ကသာခရိုင်အတွင်းရှိ မြို့နယ်များကို လိုက်လံစစ်ဆေးရပါတယ်။ ရက်လွန် မှိုတက်ဆိုးဆေး အလွန်အကျွံ သုံးစွဲထားတဲ့ စားသောက်ကုန်တွေ စစ်ဆေးပါတယ်။ ရက်လွန် အစားအသောက်တွေ မရောင်းဖို့ ပညာပေး ပြောကြားပါတယ်။ အစားအသောက်တွေကို ဝယ်ပြီး နေပြည်တော်မှာရှိတဲ့ ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးပါတယ်။ စစ်ဆေးချက်အရ ဆိုးဆေး အလွန်အကျွံ သုံးစွဲထားတာ၊ စားသုံးရန်မသင့်တဲ့ အစားအသောက်တွေလို့ အကြောင်းပြန်ကြား လာရင် ဒါတွေကို ဈေးကွက်ကနေ သိမ်းဆည်းပြီး ဌာနဆိုင်ရာတွေနဲ့အတူ ဖျက်ဆီးသွားမှာပါ” လို့ ပြောပါတယ်။
အင်းတော် မြို့မဈေးအတွင်းရှိ ဈေးရောင်းချနေတဲ့ ဈေးသည်တွေကို ရက်လွန် မှိုတက်ဆိုးဆေး အလွန်အကျွံ သုံးစွဲထားတဲ့ စားသောက်ကုန်တွေ မရောင်းရန် ဆွေးနွေး အသိပညာပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ရန် ပစ္စည်းနမူနာ ဝယ်ယူသိမ်းဆည်းခြင်း၊ သတိပေး တားမြစ်ခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)











