DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ပြေးဒုက္ခသည်များ ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား
DVB
·
February 3, 2012
Donate to DVB

သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတဲ့အတွက် ကချင်စစ်ပြေးဒုက္ခသည်တွေ ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတယ်လို့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်က လွယ်ဂျယ်နဲ့ နမ့်တောင်းကြားက ဒုက္ခသည်စခန်းတချို့ဟာ သောက်သုံးဖို့နဲ့ တကိုယ်ရေသန့်ရှင်းရေး လုပ်ဆောင်ဖို့ ရေလုံလောက်စွာ မရရှိတဲ့အတွက် အခုလို ဖြစ်တာလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

လွယ်ဂျယ်-နမ့်တောင်းအကြားမှာရှိတဲ့ ဒုက္ခသည် ၁၀၀၀ လောက် ခိုလှုံနေတဲ့ လနဇွန် ဒုက္ခသည် စခန်းမှာ ရေကြောင့်  ၀မ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်နေတယ်လို့ ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့ ကွန်ရက်က ဦးလာရစ်က ပြောပါတယ်။

“လနဇုန် ဆိုတဲ့ စခန်းမှာက ရေအဆင်မပြေတာပေါ့။ တောတောင်ကြားမှာ လုံခြုံတဲ့နေရာပဲ ဦးစားပေးပြီး ဆောက်ထားတယ်ဆိုတော့ ရေရှားပါးတဲ့ နေရာ ဖြစ်သွားတယ်။ ရေလုံလောက်မှုမရလို့ တကိုယ်ရေသန့်ရှင်းရေးလည်း အခက်အခဲရှိတယ်။ သောက်သုံးရေလည်း အခက်အခဲရှိတယ်။ နောက်ပြီးတော့ ပတ်ဝန်းကျင် သန့်ရှင်းရေး ထိန်းသိမ်းဖို့လည်း အခက်အခဲ ရှိတော့ ၀မ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ပွားတာပေါ့။”

ရာသီအကူးအပြောင်း ဖြစ်တဲ့အတွက် ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာ  ၀မ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များတယ်လို့လည်း လွယ်ဂျယ်၊ မူဆယ်၊ နမ့်ခမ်းက ဒုက္ခသည်တွေကို ကူညီနေတဲ့ ၀မ်ပေါင်နိန်းတွဲ ခေါ် လူထုအလင်း ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့က မေလီအောင်က ပြောပါတယ်။

“အခုတော့ စခန်းတိုင်းလိုလို ၀မ်းလျှောနေကြတယ်။ နွေရာသီ အပူလည်း ရှိလာတော့ ရေတွင်းတူးထားတာလည်း ရေတွင်းက သိပ်မနက်တော့ ရေကလည်း သိပ်မကောင်းဘူး။ ၄၊ ၅၊ ၆ယောက်လောက် သွားခပ်ပြီးရင် ရေက သိပ်မသန့်ဘူး။”

အလားတူ ရှမ်းပြည်မြောက်ပိုင်း နမ့်ဖက်ကာဘက်က ကချင်ဒုက္ခသည် ၂၀၀ ကျော်ကတော့ ယားနာနဲ့ အဆုတ်ရောဂါတွေ ဖြစ်ပွားတာ များတယ်လို့  ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးဖြစ်တဲ့ ကော့ဂျာက ပြောပါတယ်။

“ယားနာဖြစ်တယ်။ ၀မ်းလျှောတယ်။ အခုသွားကြည့်တော့ တီဘီအဆုတ် ရောဂါဖြစ်နေတာတွေ တော်တော်များတယ်။ ဟိုနေ့က အဲဒီဘက်မှာလည်း အကူအညီ သွားပေးသေးတယ်။ အဲဒီက ဆရာမတွေက ဘယ်လိုပြောလည်းဆိုတော့ ကျန်းမာရေးအနေနဲ့ ရွာမှာဆင်းပြီးတော့ မလုပ်ပေးနိုင်ဘူး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်မို့လို့ ကျန်းမာရေးအနေနဲ့ တီဘီနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်ပေးမယ်လို့ အဲဒီလိုပြောတယ်။ ကျန်းမာရေးအခြေအနေက ကောင်းတယ်လို့ ပြောလို့မရဘူး။ အဆုတ်နဲ့ပတ်သက်ပြီး ကူးစက်နေကြတယ်။”

ဒီလို ရောဂါဖြစ်ပွားနေမှုကြောင့် လတ်တလော သေဆုံးသူ မရှိသေးပေမယ့် ပြီးခဲ့တဲ့ ဇန်န၀ါရီလကတော့ ပါဂျောင်နားက ဒုက္ခသည်စခန်းမှာ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားစဉ် ကလေးငယ်တဦး သေဆုံးခဲ့ဖူးတယ်လို့ ဒုက္ခသည် ကူညီကယ်ဆယ်ရေး အဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013