DVB Logo
Home
မြန်မာသတင်း
ကုလလူ့အခွင့်အရေးအစီရင်ခံစာပါ စွပ်စွဲချက်များ လုံးဝမှန်ကန်မှုမရှိဟု တပ်မတော်ထုတ်ပြန်
DVB
·
May 23, 2017
ကုလလူ့အခွင့်အရေးအစီရင်ခံစာပါ စွပ်စွဲချက်များ လုံးဝမှန်ကန်မှုမရှိဟု တပ်မတော်ထုတ်ပြန်
Donate to DVB

 

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR က လူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းခဲ့တဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တွေ လုံးဝမှန်ကန်မှုမရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

နယ်မြေရှင်းလင်းရေး ဆောင်ရွက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာပါရှိတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဖြစ်စဉ်အမှန် ဖော်ထုတ်နိုင်ဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒု-ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၁၇ ဖေဖော်ဝါရီ ၁၀ ရက်မှ မတ်လ ၄ ရက်အထိ မောင်တောဒေသကို သွားရောက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးရာမှာ OHCHR ရဲ့ အစီရင်ခံစာပါ စွပ်စွဲချက် ၁၈ ချက်အနက် ၁၂ ချက်မှာ လုံးဝမှန်ကန်မှုမရှိကြောင်း တွေ့ရှိရပြီး ကျန် ၆ ချက်မှာလည်း လုံခြုံရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းစဉ် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအပေါ် မမှန်မကန် လိမ်ညာပြောဆိုမှုတွေကို အခြေခံကာ ချဲ့ကားပြီး  မဟုတ်မမှန် စွပ်စွဲချက်တွေဖြစ်လို့ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရတယ်လို့ တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ကျေးရွာ ၂၉ ရွာမှ ရွာသူ/ရွာသားတွေကို တွေ့ဆုံမေးမြန်းခဲ့သလို ဖြစ်စဉ်ဖြစ်ပွားချိန်မှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်မှ အရာရှိ/စစ်သည် ၁၈၄ ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃၁ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၈ ဦးနဲ့ ဘူးသီးတောင် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားတရားခံ ၂၆ ဦး၊ စုစုပေါင်း ၆၅၇ ဦးတို့ရဲ့  သက်သေထွက်ဆိုချက်တွေ ရယူခဲ့တယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကတော့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ဖို့  ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ မတ် ၂၄ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၃၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချထားပါတယ်။

မြန်မာအစိုးရကတော့ ဒီဆုံးဖြတ်ချက်ကို သဘောတူလက်ခံခြင်းမရှိဘဲ ပယ်ချထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013